
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၅ရက်
အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတို့ အမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်ကြပြီးနောက် မြို့တော်စစ်တွေပတ်ဝန်းကျင်တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့် တပ် လှန့်ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ရက်နေ့မှ ယမန်နေ့ ဒီဇင်ဘာ ၂၄ရက်နေ့အထိ AA နှင့် စစ်ကောင်စီတို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြပြီးနောက် စစ်ကောင်စီက ရေယာဉ်ကြီးငယ် ၄၀ ခန့်ဖြင့် မြို့ပတ်လည် တပ်လှန့်ထားကြောင်း သိရသည်။
“ပေါက်တောနဲ့ ပုဏ္ဏားကျွန်းဘက်ကို စစ်သင်္ဘောတွေ ကင်းလှည့်ရင်း နယ်ကျော်လို့ ပေါက်တောဘက်ကနေ AA က လက်နက်ကြီးနဲ့စပစ်ရင်း အပြန်အလှန်ပစ်နေတာ ၄ရက်ရှိပြီ” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်တွေပွိုင့်ကမ်းခြေ အမှတ် (၃)၊ ဗျူဟာရေ ယာဉ်အုပ်စုကို စစ်တိုင်းဌာနချုပ်အဆင့်ထိတိုး၍ လုံခြုံရေး အင်အားတိုးချဲ့ကာ ရေတပ်ဌာနချုပ်အသစ်အဖြင့်သတ်မှတ်ပြီး လက်ရှိ ဗျူဟာ (၃) ကို ရွှေမင်းဂံရေတပ်စခန်းဘက် ပူးပေါင်း အင်အားဖြည့်လိုက်ကြောင်း သိရသည်။
ရေကြောင်းဘက်တွင် စစ်ကောင်စီက အင်အားဖြည့်ခဲ့သည့်အပြင် မြို့တွင်း လုံခြုံရေးဂိတ်များကိုလည်း တိုးချဲ့နေရာယူထားပြီး ညစဉ် ကင်းလှည့်မှုများရှိကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် စစ်တွေမြို့အတွင်း၌ ညစဉ်ဒေသခံများကို လူဖမ်းပွဲပြုလုပ်နေပြီး မြို့အတွင်း လမ်းကြိုလမ်းကြားပါမကျန် စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
စစ်တွေမြို့တွင်စစ်ကောင်စီ၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ( ဒကစ )အခြေစိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ( နပခ ) လက်အောက်ခံခြေမြန်တပ်ရင်း ( ခမရ- ၃၅၄ ) ၊( ခမရ -၃၄၄ ) ၊ ခြေလျင်တပ်ရင်း ( ခလရ – ၂၇၀)၊ ( ခလရ- ၂၀ )၊ ( ခလရ -၂၃၂ ) နှင့် အမြောက်တပ် ( အမတ – ၃၇၃ )တို့ အခြေပြုထားသည်။
စစ်ကောင်စီ၏ လက်ရုံးတပ် နှင့် ဝန်ထမ်းတပ်များဖြစ်ကြသည့် အမှတ် (၉၀၈) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၈၁၈) ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၈၂၈) ထောက်ပို့တပ်ရင်း၊ အမှတ် (၈) စစ်မြေပြင်ဆေးတပ်ရင်း ၊ အမှတ် (၉) လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ အမှတ် (၈၆၈) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၄) ဆက်သွယ်ရေးနှင့်အလုပ်ရုံ၊ အမှတ် (၉၆၂) ဆောက်လုပ်ရေးနှင့်အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၁၇) ကုတင် (၁၀၀ )တပ်မတော်ဆေးရုံ၊ အမှတ် (၄၃၄) စစ်လက်နက်တပ်ခွဲ၊ အမှတ် (၁၀) နယ်မြေနယ်စပ်ဒေသလူဝင်မှု စစ်ဆေးရေးကွပ်ကဲမှုဌာန၊ အမှတ် (၂) တပ်စုစစ်ဖက်ရေးရာလုံခြုံရေးတပ်စု အပြင်ရေတပ်ဌာနချုပ်နှင့် ရေတပ်စခန်း ၃ ထက်မနည်း အခြေပြုထားကြောင်း သိရသည်။
#စစ်တွေ #စစ်ကောင်စီ #ရေယာဉ်ကြီးငယ် #အစီးရေ၄၀ #တပ်လှန့် #Ayeyarwaddy_Times