ပုသိမ်မှာ လုယက်မှု၊ ဓားပြမှုများ နေ့စဥ်ဆိုသလိုဖြစ်ပွားနေပြီး ကျုးလွန်ခံရသူများက သတင်းဖုံးထား
မင်းခ/ဧရာဝတီတိုင်းမ်
(ပုသိမ်)၊ သြဂုတ်လ ၂၀ ရက်
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လက စတင်ကာ နေ့စဥ်ဆိုသလို လုယက်မှု၊ ဓားပြမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်မြို့ပေါ် ရပ်ကွက်တွေဖြစ်တဲ့ အမှတ်(၁)၊ အမှတ်(၃)နဲ့ အမှတ် (၄) ရပ်ကွက်တွေမှာ ဇူလိုင်လနောက်ဆုံးပတ်နဲ့ သြဂုတ်လအတွင်းမှာ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်လို့ မြိို့ခံအချို့ထံမှ သိရပါတယ်။
ပုသိမ်မြို့မှာ လုယက်တာတွေ ဓားပြတိုက်တာတွေကြားနေရတာတော့ နေရာအနှံ့ပဲ။ ဇူလ်ိုင်လကုန်ပိုင်းကစပြီး ဒီရက်ပိုင်းခပ်စိပ်စိပ်ကြားလာရတာ။ ပြီးခဲ့တဲ့ရက်ထဲမှာတင် အမှတ်(၄) ရပ်ကွက်က ဆေးခန်းတစ်ခုနဲ့ ရန်ကင်းတောင်က ဆေးခန်းတစ်ခု ဓားပြတိုက်ခံရတယ်။ ဓားပြတိုက်ခံရတဲ့နေရာအများစုက သိန်းဆယ်ဂဏန်းလောက်ရနိုင်မယ့်နေရာတွေ။
ဒီလိုနေရာတွေကိုပဲ အဓိကပစ်မှတ်ထားပြီး ဓားပြတိုက်နေကြတာလို့ ယူဆလို့ရတယ်” လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လုယက်မှု၊ ဓားပြမှုကျူးလွန်သူတွေဟာ ငွေသိန်းဆယ်ဂဏန်းအထိရရှိနိုင်မယ့် အိမ်၊ ဆေးခန်းစတဲ့နေရာတွေကို ပစ်မှတ်ထားလုယက်တာတွေပြုလုပ်နေတဲ့အပြင် ငွေသောင်းဂဏန်းလောက်သာရနိုင်မယ့် စျေးသည်တွေနဲ့ ဒေသခံပြည်သူတွေအပေါ်မှာလည်း လုယက်မှုတွေကျူးလွန်နေတယ်လို့ မြို့ခံအချို့က ဆိုပါတယ်။
” ကြုံရင်ကြုံသလိုကို လုယက်နေကြတာ။ ပိုက်ဆံရှိတဲ့သူတွေတင်မကဘူး။ ကမ်းနားလမ်းက ကွမ်းယာဆိုင်တစ်ခုနဲ့ အချဥ်ပေါင်းရောင်းတဲ့ အမျိုးသမီးတစ်ယောက်လည်း အလုခံရတယ်လို့ကြားတယ်” လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်က်ိုပြောပါတယ်။
ပုသိမ်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုယက်မှု၊အလစ်သုတ်မှု၊ ခြိမ်းခြောက်ငွေတောင်းယူမှုများမှာ ညဘက်တွင်သာမက နေ့ဘက်များတွင်ပါ ဖြစ်ပေါ်နေတာကြောင့် တန်ဖိုးကြီးလက်ဝတ်ရတနာများ၊ ပိုက်ဆံအိတ်များကို နေအိမ်ပြင်ပ လူမြင်ကွင်းနေရာများ၊ လူပြတ်သည့်နေရာများသို့ ယူမသွားရဲကြတော့ဘူးလို့ မြို့ခံအချို့က ဆိုပါတယ်။
” ပုသိမ်မှာ လုယက်မှုတွေက နေ့တိုင်းလိုလိုကြားနေရတာ။ တော်တော်များများက လန့်နေကြတယ်။ လူပြတ်တဲ့နေရာတွေဆို မသွားရဲကြတော့ဘူး။ အရင်ကဆို လွတ်လွတ်လပ်လပ်အပြင်ထွက်ရဲကြတယ်။ ခုက အရင်လိုမဟုတ်တော့ဘူး။ ခုဆို အပြင်ထွက်ရင် ဆွဲကြိုးတို့ လက်ဝတ်လက်စားတွေ ဝတ်မသွားရဲကြတော့ဘူး။
ပိုက်ဆံတွေဆိုလည်း အများကြီးယူမသွားရဲကြတော့ဘူး။ အိတ်နဲ့တောင်ထည့်မကိုင်ရဲကြတော့ဘူး။ အလုခံရမှာကြောက်လို့။ ကိုယ့်သတိနဲ့ ကိုယ်သွားလာနေကြရတယ်” လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လုယက်မှု၊ ဓားပြမှုကျူးလွန်ခံရသူတွေမှာလည်း စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နဲ့ အရေးတယူဆက်ဆံပြောဆိုလိုခြင်းမရှိတာကြောင့် ရဲစခန်းမှာ သွားရောက်တိုင်ကြားတာမျိုးမရှိတဲ့အပြင် သတင်းဖုံးထားကြတာကြောင့် လုယက်မှု၊ ဓားပြမှုကျူးလွန်သူတွေ ပိုမိုသောင်းကျန်းနေတာလို့ မြို့ခံအချို့က ဆိုပါတယ်။
” လုယက်တာ ဓားပြတိုက်တဲ့သတင်းတွေ ကြားနေရတယ်။ အလုခံရ အတိုက်ခံရတဲ့သူတွေကလည်း ရဲမတိုင်ချင်ကြဘူး။ ရဲတိုင်လို့ရော ဘာထူးမှာလည်း တရားခံမမိနိုင်ဘူးလို့ သူတို့ယူဆထားကြတယ်။ အဓိကက လူကိုအန္တရာယ်မပြုရင်ပြီးရော ပိုက်ဆံကအချိန်မရွေးပြန်ရှာရင်ရတယ်ပေါ့ဗျာ။ ခက်တာက ကျူးလွန်ခံရတဲ့သူတွေကိုယ်က Speak Out မလုပ်တော့
ဓားပြတိုက်၊ လုယက်နေသူတွေ ပိုပြီးသောင်းကျန်းနေတာပေါ့” လို့ ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာသည့်အပြင် အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် တရားဥပဒေစိုးမိုးမှု မရှိတော့ငည့်အတွက် လုယက်မှု၊ ဓားပြမှုတွေပေါများလာရတာလို့ ပုသိမ်မြို့ခံ နိုင်ံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
” စစ်ကောင်စီက သူတို့စီစဥ်ထားသလိုဖြစ်လာတာပေါ့။ ခိုးဆိုးလုယက်မှုတွေများလာတော့ ပြည်သူတွေမှာ အကြောက်တရားနဲ့ ကိုယ့်ကိုကိုယ်လုံခြုံရေးကိုပဲသတိထားနေကြရတယ်။ နိုင်ငံရေးကို စိတ်မဝင်စားတော့အောင် ဒီလိုဖြစ်အောင်လုပ်နေတာလို့ ပြောလို့ရပါတယ်။ ခုလက်ရှိမှာ ကုန်စျေးနှုန်းတွေဆက်တိုက် မြင့်တက်နေတာကြောင့်
စားဝတ်နေရေးကြပ်တည်းလာတယ်။ စားဖို့မရှိတော့ လုကြယက်ကြနဲ့ဖြစ်ကုန်တယ်။ စစ်ကောင်စီလက်ထက်မှာက တရားဥပဒေစိုးမိုမှု လုံးဝမရှိတော့ဘူးလို့တောင်ပြောလို့ရတယ်။ စစ်တပ်နဲ့ ရဲတွေဆိုလည်း PDF တွေပဲအာရုံစိုက်နေကြရတယ်။ ခိုးမှု၊လုယက်မှု၊ဓားပြမှူတွေကို အာရုံမစိုက်နိုင်ကြတော့ဘူး။ ဒီလိုအခြေအနေတွေကြောင့်ပဲ ပုသိမ်မှာ လုယက်မှု၊
ဓားပြမှုတွေ ပေါလာတယ်လို့ သုံးသပ်လိုပါတယ်” လို့ ပုသိမ်မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လုယက်မှု၊ ဓားပြမှုတွေ နေ့စဥ်ဆိုသလိုဖြစ်ပွားနေတဲ့ ပုသိမ်မြို့မှာ ဒေသခံပြည်သူလူထုအနေနဲ့ တန်ဖိုးကြီးလက်ဝတ်ရတနာများ ဝတ်ဆင်သွားလာခြင်းမပြုလုပ်ကြဖို့ ညရေးညတာလူပြတ်တဲ့နေရာတွေမသွားလာကြဖို့နဲ့ လုံခြုံရေးနဲ့အသက်အန္တရာယ်အတွက် ကာကွယ်နေထိုင်ကြဖို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးက သတိပေးပြောဆိုထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ပုသိမ် #လုယက်မှု #ဓားပြမှု
#Ayeyarwaddy_Times