အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ စစ်ကောင်စီတပ်သားတွေမဟုတ်ဘဲ ကော်ဘရာကလိမ်လည်ဖော်ပြတာလို့ စစ်လော်ဘီနဲ့တပ်ထောက်ခံသူတွေဝါဒဖြန့်

ဟိန်းစံ/ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၀ ရက်

ကော်ဘရာစစ်ကြောင်းက အရှင်ဖမ်းဆီးရမိထားတဲ့ တပ်မ ၄၄ လက်အောက်ခံ ခမရ ၁၀၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ ကော်ဘရာစစ်ကြောင်းက လိမ်လည်ဖော်ပြတာဖြစ်ပြီး အမှန်တကယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ စစ်တပ်ထောက်ခံသူတွေနဲ့ စစ်လော်ဘီတယ်လီဂရမ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေတာကို တွေ့ရပါတယ်။

ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေလမ်းမ ဘုရားကုန်း အနီးမှာ မနေ့ သြဂုတ်လ ၁၉ ရက်က ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြားဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ ခမရ ၁၀၂ က စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ် ထင်ကျော်နဲ့ တပ်သား မင်းသူတို့ကို ကော်ဘရာစစ်ကြောင်းကဖမ်းဆီးရမိခဲ့တာပါ။

စစ်လော်ဘီတယ်လီဂရမ်တွေနဲ့လူမှုကွန်ယက်တွေမှာတော့ ကော်ဘရာဘက်ကဖော်ပြတာမှာ ဒီလူတွေဟာ ဘက်တံဆိပ်တပ်ဆင်တာတွေလွဲမှားနေတဲ့အပြင် ကိုယ် ပိုင်အမှတ်ဖော်ပြတာတွေလွဲမှားနေလို့ လိမ်လည်ဖော်ပြနေခြင်းသာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူတွေကို ပြန်လည်ဝါဒဖြန့်နေပါတယ်။

ဒါ့အပြင် စစ်တပ်ထောက်ခံတဲ့လူမှုကွန်ယက်စာမျက်နှာတွေမှာလည်း အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ပါးသိုင်းမွှေး၊မုတ်ဆိတ်မွှေးတွေနဲ့ ဓားပြရုပ်တွေလို့လည်း ဝေဖန်ရေးသားနေကြကာ ၄င်းတို့စစ်ကောင်စီတပ်ရဲ့တပ်ဖွဲ့ဝင်တွေမဟုတ်ဘူးလို့ စစ်တပ်ထောက်ခံသူတွေက ဝါဒဖြန့်ရေးသားနေကြပါတယ်။

” စစ်သားလုပ်ဖူးရင် ဒီလူတွေ တကယ်စစ်သားအစစ်ဟုတ်၊မဟုတ်ဆိုတာ အသွင်အပြင် ကြည့်တာနဲ့တန်းသိတယ်။ ဘက်တံဆိပ်တောင်ခွဲစရာမလိုဘူး၊အရပ်ဝတ်နဲ့တောင် စစ်သားလား၊အရပ်သားလားခွဲခြားနိုင်တယ်။ ရှေ့တန်းမှာဘလိုနေရလည်းဆိုတာ စစ်လော်ဘီတွေခေါ်ပြလိုက်ချင်တယ်။ တိုက်ပွဲတိုက်နေတာ ထိခိုက်၊ကျဆုံး၊သုံ့ပန်းဆိုတာရှိမှာဘဲ။

အရှုံးကိုလက်မခံချင်တာနဲ့ စစ်လော်ဘီတွေကဝါဒဖြန့်ချင်လို့ပေါက်ကရတွေလျှောက်ရေးနေတာကို အဖမ်းခံရတဲ့စစ်သုံ့ပန်း ၂ ယောက်သိရင် သူတို့စိတ်ကောင်းမှာမဟုတ်ဘူး။ အဖမ်းခံရတဲ့အခြေ အနေမှာတောင် သူတို့ကိုထောက်ခံခဲ့တဲ့သူတွေက လှောင် ပြောင်ခံနေရတာ စစ်သားတ​ယောက်အဖြစ်ဖော်ပြမခံရတာ။ အဲ့ဒီစစ်လော်ဘီတွေညှောင့်တာနဲ့

ရှေ့တန်းကစစ်သားတယောက်မှကျန်မှာမဟုတ်ဘူး၊ အကုန်CDM လုပ်ကုန်လိမ့်မယ်” လို့ ရှမ်းပြည်နယ်အတွင်းစစ်ဆင်ရေးဝင်ရောက်နေတဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်ကောင်စီတပ်ဖွဲ့တဦးက ဧရာဝတီတိုင်းမ်းကိုပြောပါတယ်။

တိုက်ပွဲအတွင်းအရှင်ဖမ်းဆီးခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဟာ မွန်ပြည်နယ်၊ပေါင်မြို့နယ်၊မုတ္တမအခြေစိုက် ခမရ ၁၀၂ တပ်ရင်းကဖြစ်ပြီး ကရင်ပြည်နယ်အတွင်းစစ်ဆင်ရေးဝင်ရောက်နေသူတွေဖြစ်ကြောင်း အဲ့ဒီ ခမရ ၁၀၂ တပ်က ဇူလိုင်လအတွင်းက ကော်ဘရာစစ်ကြောင်းကိုပူးပေါင်းသွားတဲ့ CDM တပ်သား ကိုဇော်ထက်အောင်က အတည်ပြုပါတယ်။

KNU နဲ့ ကော်ဘရာစစ်ကြောင်းအနေနဲ့ မော်ခီး ၊ဝေါလေ၊ သေဘောဘိုး၊ ဥကရစ်ထ စတဲ့ စစ်ကောင်စီအခြေစိုက်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မြဝတီ-ဝေါလေလမ်းမတလျှောက်နေရာတွေမှာတိုက်ပွဲပေါင်းများစွာဖြစ်ပွားခဲ့ပြီး အရှင်ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေအများအပြားရှိခဲ့တာပါ။

အရှင်ဖမ်းဆီးရမိတဲ့စစ်သုံ့ပန်းတွေကိုလည်း စစ်ဥပဒေသများအတိုင်း ကောင်းမွန်စွာနဲ့ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး လာရောက်ပူးပေါင်းပြီး CDM ပြုလုပ်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း နေထိုင်စားသောက်ရေးအတွက် ကူညီဆောင်ရွက်ပေးထားတာပါ။

စစ်ကောင်စီဘက်ကတော့ ၄င်းတို့လက် အောက်ခံတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးဒဏ်ရာရစာရင်းအရေအတွက်ကိုထုတ်ပြန်လေ့မရှိသလို တိုက်ပွဲအတွင်းအရှင်ဖမ်းဆီးခံရသူတွေကိုလည်း ပျောက်ဆုံးစာရင်းသာသွင်းထားတယ်လို့ သိရပါတယ်။

#AyeyarwaddyTimes