
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဒီဇင်ဘာ ၂၄ ရက်
ကရင်နီပြည် အခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်သည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) တပ်ဖွဲ့မှ ဂျဲန်ဒါတန်းတူညီမျှရေးဌာန ကို အသစ်ဖွဲ့စည်းလိုက်သည့် အပေါ် ကရင်နီ အမျိုးသမီးအစည်းအရုံးနှင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ တို့က ဝမ်းသာကြိုဆိုကြောင်း ပြောကြားခဲ့ကြသည်။
ယခုကဲ့သို့ တပ်ဖွဲ့တစ်ခုလက်အောက်မှ ကျား၊ မ တန်းတူညီမျှရေးအတွက် ဂျဲန်ဒါတန်းတူညီမျှရေး ဌာနဖွဲ့စည်း လိုက်ခြင်းကြောင့် တပ်ဖွဲ့အတွင်း နေရာ ဌာန အသီးသီးတွင် ကျရာတာဝန်ထမ်းဆောင်နေကြသည့် အမျိုးသမီးများမှာ ဆုံးဖြတ်ချက်ချနိုင်သည့်ရာထူးများ၊ အရေးကြီးသည့် ရာထူးများ၊ ပြောရေးဆိုခွင့်ရှိသည့် ရာထူးနေရာများတွင် ယခင်ထက် ပိုမိုပါဝင်လာနိုင်ကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ထံက သိရသည်။
“ဒီလိုဌာနတစ်ခုအနေနဲ့ဖွဲ့စည်းခြင်းအားဖြင့် ပိုပြီးတော့မှ အလုပ်ဖြစ်တဲ့ပုံစံမျိုးတွေ ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် တစ်ခုခုဆို အမျိုးသမီးကိုယ်စားပြုမှု အစုအဖွဲ့ကနေ လာတာမျိုးထက် KNDF အောက်ကနေ ရှိနေပြီးသား အမျိုးသမီး၊ ဂျန်ဒါတန်းတူရေးရာဌာနတစ်ခုလို ရှိမယ်ဆိုရင်တော့ ဘယ်နေရာကိုတော့ အမျိုးသမီး ဘယ်လောက်ရာခိုင်နှုန်းတွေထားရမလဲ သူတို့ပါဝင်နေတဲ့အပေါ် ဘယ်လိုမျိုးအခက်အခဲရှိလဲဆိုတဲ့ဟာမျိုးတွေကို ကိုယ်တိုင်သိချင်းအားဖြင့် မူတွေရေးတဲ့အခါ ပါဝင်ရမဲ့ဂျန်ဒါရေးရာအခန်းကဏ္ဍ တွေကို အသေးစိတ်ပိုလုပ်လာနိုင်မယ်လို့လဲမြင်တယ်” ဟု KNWO အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့ပြင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များတွင် ပြင်ပအဖွဲ့အစည်းများက ဝင်ရောက်ဖြေရှင်းရာတွင်လည်း သတ်မှတ်ချက် အတိုင်းအတာများ ရှိသည့်အတွက် ယခုကဲ့သို့ ကာကွယ်ရေးတပ်ဖွဲ့အတွင်း ကိုယ်ပိုင်ဌာနဖွဲ့စည်းခြင်းအပေါ်ကိုလည်း ဝမ်းသာဂုဏ်ယူမိ ကြောင်း IEC ကပြောဆိုထားသည်။
ကရင်နီပြည်နယ်တွင်း တရားစီရင်ရေး ကိစ္စရပ်များကို ဖြေရှင်း ဆောင်ရွက်ရာတွင် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များကို တပ်တွင်းဖြေရှင်းရပြီး ပြည်သူလူထုနှင့်ဆက်စပ်သည့် ကိစ္စရပ်များအားလုံးကို ပြည်သူ့တရားရုံးတွင် တရားစီရင်ရန် သဘောတူဆုံးဖြတ်ထားကြသည့်အတွက် တပ်တွင်း အမျိုးသမီး အကြမ်းဖက်မှုများ၊ ကျား၊ မ တန်းတူညီမျှမှု ဆိုင်ရာ ပြသနာကိစ္စများ ဖြစ်ပွားလာပါက ကာကွယ်မှုများ ပိုမို ရရှိလာနိုင်ကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ကတော့ဒီဟာကို အရမ်းဝမ်းသာအားရ ဂုဏ်ယူတာပေါ့နော်။ ဒီလိုမျိုးKNDF ကနေ ဂျဲန်ဒါဌာနသီးသန့်တစ်ခုကို အစဉ်တကျဖွဲ့စည်းနိုင်ပြီးတော့မှ ဒီလိုမျိုးတပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာလည်း ဂျဲန်ဒါကိစ္စကို ထည့်သွင်းစဉ်းစားပြီးတော့မှ ကျား၊မ တန်းတူညီမျှမှု ပိုပြီးတော့မှ အကာအကွယ်ပေးနိုင်ဖို့အတွက် ဒီဂျဲန်ဒါဌာန ထူထောင်တဲ့အပေါ်မှာ အရမ်းကို ဂုဏ်ယူတယ်။ ကျား မ တန်းတူညီမျှမှုတွေကို ပိုပြီးတော့မှ ကာကွယ်မှုတွေ ပိုဖြစ်စေတယ်။ အာမခံချက်ရှိတယ်ဆိုတာကို ပေါ်လွင်တဲ့အတွက်ကြောင့်မို့လို့ လုံးဝကို ဂုဏ်ယူတယ်။ KNDF ကိုလည်းကျေးဇူးတင်တယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင် က ဧရာဝတီတိုးမ်ကို ပြောသည်။
KNDF ဗဟို လက်အောက်ရှိ ဂျဲန်ဒါတန်းတူညီမျှရေးဌာန အနေဖြင့်လည်း တပ်တွင်းကိစ္စရပ်များကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပြီး လုပ်ငန်းစဉ်အပေါ် မူတည်ကာ အခြားပြင်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းမ်ကို ပြောဆိုထားသည်။
ထို့ပြင် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုအတွင်း ယခုကဲ့သို့ ဂျဲန်ဒါတန်းတူညီမျှရေးဌာန သီးသန့်ဖွဲ့စည်းနိုင်ခြင်း မှာ တော်လှန်ရေးကာလအတွင်း ဂျဲန်ဒါတန်းတူညီမျှရေး လှုပ်ရှားမှုအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပြီး အခြားကာကွယ်ရေးတပ်ဖွဲ့ များ အနေဖြင့်လည်း ဂျဲန်ဒါတန်းတူညီမျှရေးအပေါ် ပွင့်လင်းသည့် သဘောထားများ ထုတ်ဖော်ပြသကြရန်လည်း ဂျဲန်ဒါရေးရာ အခွင့်အရေးလှုပ်ရှားသူများက ပြောဆို ထားကြသည်။
ဓာတ်ပုံ – လူမှုကွန်ယက်
#KNDF #ကရင်နီ #ဂျဲန်ဒါတန်းတူညီမျှရေးဌာန #ကရင်နီအဖွဲ့အစည်းများ #ကြိုဆို #Ayeyarwaddy_Times
(မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုကြောင့် လက်ရှိအမျိုးသမီးများ ရင်ဆိုင်နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုနှင့် ကျော်ဖြတ်ခဲ့ရသည့် အခြေအနေများအပြင် အမျိုးသမီးများဦးဆောင်၍ လုပ်ဆောင် နေသည့် အကြောင်းအရာများကို “အမျိုးသမီးကဏ္ဍ” အနေဖြင့် အပတ်စဉ်အင်္ဂါနေတိုင်း တင်ဆက် ပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုနိုင်ပါကြောင်း ဧရာ၀တီတိုင်းမ်သတင်းဌာနအနေဖြင့် အသိပေးအပ်ပါသည်။