
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ခရစ်ယာန်ဘုရားကျောင်း ၁၀၀ ခန့်အပါအဝင် ဘာသာရေး အဆောက်အဦးပေါင်း ၃၀၀ ကျော်ကို ဖျက်ဆီးခဲ့သလို သေဆုံးဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ဘာသာရေး ဆိုင်ရာ ပုဂ္ဂိုလ်ပေါင်း ၅၀၀ နီးပါးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံက သိရသည်။
ထို့အပြင် ပြည်သူလူထုအား အကြောက်တရား ပိုမိုရိုက်သွင်းရန် ရည်ရွယ်၍ ဘာသာရေး နေ့ထူးနေ့မြတ်များ၌ ပိုမိုရက်စက် သတ်ဖြတ်နေခဲ့ကြောင်း ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်း စကားပြောကြား အစီအစဉ်တွင် NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောကြားခဲ့သည်။
“အာဏာသိမ်းပြီး နောက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီက ခရစ်ယာန်ဘုရားကျောင်း ၁၀၀ ခန့်အပါအဝင် ဘာသာရေး အဆောက်အဦးပေါင်း ၃၀၀ ကျော်ကို ဖျက်ဆီးခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ချမ်းသာ ကျေးရွာရှိ သမိုင်းဝင် ကတ်သလစ် ဘုရားကျောင်းတစ်ခုလည်း အပါအဝင်ဖြစ်ပါတယ်” ဟု ဦးကျော်ဇော်က ပြောသည်။
ယနေ့သည် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် ၂၀၂၁ ခုနှစ် ခရစ္စမတ်အကြိုနေ့က စစ်ကောင်စီ ကျူးလွန်ခဲ့သော မိုဆိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၃ နှစ်ပြည့်ဖြစ်ပြီး ကလေးငယ်များနှင့် Save the Children မှ ဝန်ထမ်း နှစ် ဦးအပါအဝင် အနည်းဆုံး လူ ၄၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်ကလည်း မိုးဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်များကို စစ်ကောင်စီ၏ ခမရ -၄၂၂.တပ်ရင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS 560 (အက်စ် ဖော့စ် ၅၆၀)တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဖက်ဆစ် စစ်တပ်မှ ပြည်သူ့ရင်ခွင်ကို မကြာခင်ရက်ပိုင်းက ဘက်ပြောင်းလာခဲ့တဲ့ မိုးဗြဲဒေသတိုက်ပွဲတွေမှာ ပါဝင်ခဲ့တဲ့ စစ်သည် နှစ်ဦးက အဆိပ်ငွေ့ပြားသုံးတာ မှန်ကန်ကြောင်း ထွက်ဆိုထားပါတယ်” ဟု NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ထည့်သွင်းပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီကြောင့် ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ် ၂၇၀ ခန့် သေဆုံးဒဏ်ရာရရှိခဲ့ပြီး မတရား ဖမ်းဆီးခံရသော ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ပေါင်း ၂၀၀ နီးပါးရှိကာ
NUG အစိုးရအနေဖြင့် ကျူးလွန်သူများကို အရေးယူ အပြစ် ပေးနိုင်ရေးနှင့် တရားမျှတမှုရရှိရေး ကြိုးစားနေကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ ဘာသာရေးကို အကြမ်းဖက်နေတဲ့ ကျူး လွန်သူများကို အရေးယူ အပြစ်ပေးနိုင်ရေးနှင့် တရားမျှတမှုရရှိရေးတွက် ကျွန်တော်တို့အစိုးရက မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲကြိုးစား ဆောင်ရွက်နေပါတယ်” ဟု သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ဆက်လက်ပြော သည်။
စစ်ကောင်စီသည် စစ်ရှုံးလာသည်နှင့်အမျှ ဘာသာရေးဆိုင်ရာ အထွဋ်အမြတ်ထားရာ အဆောက်အအုံများကို တစ်နေ့တခြား ပိုမိုဖျက်ဆီးလာပြီး ပစ်ခတ်ဖမ်းဆီးသတ် ဖြတ်နေသော်လည်း စစ်ခေါင်းဆောင်ကမူ ဘာသာရေး ခေါင်းဆောင်များအား နည်းမျိုးစုံသုံး စည်းရုံးသိမ်းသွင်းနေကြောင်း သိရသည်။
#စစ်ကောင်စီ #အာဏာသိမ်းပြီးနောက်ပိုင်း #ဘာသာရေးအဆောက်အဦး #၃၀၀ကျော် #ဖျက်ဆီး #NUGပြော #Ayeyarwaddy_Times