
“အခုလိုမျိုး တစ်စုတစ်စည်းတည်းနဲ့ တပ်ပေါင်းစုတစ်ခုအနေနဲ့ ပေါင်းစည်းနိုင်တဲ့အတွက် ပြည်သူ ကြားမှာလည်း ပိုပြီးတော့ညီညွတ်မှုရှိမယ်။ ပြည်သူတွေကလည်း ပိုပြီးတော့ တပ်ပေါင်းစုအပေါ်မှာ မျှော်လင့်ချက်တွေ ပိုပြီးတော့ မြင့်လာမှာပါ” (ဒေါက်တာသီရိမွန်ချမ်း)
နိုင်း/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်
မွန်လူမျိုးအခြေပြု မွန်တပ်တော်တစ်ရပ် ပေါ်ထွက်လာနိုင်ရေးအတွက် မွန်ဒေသအခြေစိုက်ထားသည့် မွန်တော်လှန်ရေးတပ်ဖွဲ့ လေး ခု ပေါင်းစည်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ အစည်းအဝေးတွင် မွန်တပ်ဖွဲ့များက သဘောတူညီမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲမှနေ၍ မွန်တပ်တော်တစ်ခုအဖြစ် ပေါင်းစည်းနိုင်ရေးကို အကောင် ထည်ဖော်ရန် သဘောတူညီချက်များ၊ ပူးတွဲစစ်ဆင်ရေးများလုပ်နိုင်ရန် ရှေ့ဆက်လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ မွန်တပ်တော် ဖွဲ့စည်းရခြင်း၏ ရည်မှန်းချက်များ၊ ရည်ရွယ်များနှင့် ရှေ့ဆက်လုပ်ငန်းစဉ်များ စသည့် အကြောင်းအရာများကို ဧရာဝတီတိုင်းမ်သတင်းဌာနမှ MSDF တပ်ဖွဲ့၏ တပ်မှူး ဒေါက်တာ သီရိမွန်ချမ်း ကို ဧရာ၀တီတိုင်းမ်သတင်းထောက် နိုင်းက ဆက်သွယ်မေးမြန်းထားသည်။
ဧရာဝတီတိုင်းမ်။ ။ဆရာ့ရဲ့ နာမည်၊ ရာထူး နဲ့တာဝန်ထမ်းဆောင်နေတဲ့ ဌာနကို မိတ်ဆက်ပေးပါဦး။
ဒေါက်တာသီရိမွန်ချမ်း။ ။ Dr သီရိမွန်ချမ်း(တပ်မှူး)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ပါခင်ဗျာ။
ဧရာဝတီတိုင်းမ်။ ။ ဘယ်လို အခြေအနေတွေကြောင့် ခုလို မွန်တပ်ဖွဲ့တွေ ပေါင်းစည်းဖို့ ကြိုးစားတာလဲဆိုတာ ရှင်းပြပေးလို့ရမလား။
ဒေါက်တာသီရိမွန်ချမ်း။ ။ ဘယ်လို အခြေအနေတွေကြောင့် အခုလိုမွန်တပ်ဖွဲ့တွေပေါင်းစည်းဖို့ ကြိုးစားတာလဲဆိုတာ ရှင်းပြရရင် မျက်မှောက်အမျိုးသားရေး၊ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အရပ်ရပ်ကြောင့် မွန်အမျိုးသားကို ကိုယ်စားပြုတဲ့ မွန်ပြည် နယ်ကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော မွန်အမျိုးသားတပ်တော် တည်ဆောက်ဖို့ လိုအပ်ချက်နဲ့ ပေါင်းစည်းတာလဲဖြစ်တယ်။
နောက်ပြီးတော့ ပြည်တွင်း၊ ပြည်ပ မွန်ပြည်သူ ပြည်သားများကလည်း မွန်တော်လှန်ရေး လက်နက်ကိုင်တပ်တွေ ပေါင်းစည်းပြီး တစ်ခုတည်းသော မွန်အမျိုးသားတပ်တော်တစ်ရပ်အဖြစ် အခိုင်အမာတည်ဆောက်ဖို့ အစဉ်တစ်စိုက် တောင်းဆိုလာခဲ့တာလည်း ရှိတဲ့အတွက်ကြောင့် မိမိတို့ အနေနဲ့ ဒီလိုမျိုးဗျူဟာမြောက်ပေါင်းစည်းဖို့ကြိုးစားလာခဲ့တာ တစ်နှစ်နီးပါးလောက် ကြာလာခဲ့တယ်။
သို့သော်ငြားလည်း အခြေအနေအရပ်ရပ်ကြောင့် အကောင်အထည်မပေါ်နိုင်ခဲ့သေးဘူး လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကမှ ထိပ်သီးခေါင်းဆောင်တွေ ထပ်မံတွေ့ဆုံပြီးတော့ အခုလိုပေါင်းစည်းဖို့ သဘောတူရခြင်းဖြစ်တယ်။
ဧရာဝတီတိုင်းမ်။ ။ နောက်ပြီး အခုလိုပူးပေါင်းရတဲ့ ရည်ရွယ်ချက်၊ အနာဂတ် ရည်မှန်းချက်တွေကိုရော ပြောပြပေးလို့ရမလား။
ဒေါက်တာသီရိမွန်ချမ်း။ ။ ပေါင်းစည်းရခြင်းရည်ရွယ်ချက်ကလည်း ခုနကပြောထားတဲ့အတိုင်းပေါ့နော်။ မွန်အမျိုးသားကို ကိုယ်စားပြုတဲ့ မွန်တွေကို ကိုယ်စားပြုတဲ့ မွန်အမျိုးသားတပ်မတော်တစ်ရပ် ပေါ်ပေါက်ဖို့နဲ့ ပေါ်ပေါက်ရခြင်းအကြောင်းကလည်း မိမိတို့အမြဲပြောနေသလိုပါပဲ။ ဘုံရန်သူကို တိုက်ခိုက်တဲ့နေရာမှာ တကွဲတပြားစီတိုက်ခိုက်မယ့်အစား ပူးပေါင်းပြီး ဗျူဟာမြောက် မဟာမိတ်တွေ အဖြစ် တိုက်ခိုက်နိုင်ပါက ပိုပြီးတော့အရာရောက်မယ်။ ဒါကြောင့်မို့ အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ ပူးပေါင်းရခြင်းဖြစ်တယ်။
အနာဂတ်မှာလည်း အခုပေါင်းစည်းလာခဲ့တဲ့ ဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကနေတစ်ဆင့် ဗျူဟာမြောက် စစ်ဆင်ရေးတွေ မွန်ပြည်နယ်နဲ့ ဆက်စပ်တိုင်းဒေသကြီးတွေမှာ ဗျူဟာမြောက် စစ်ဆင်ရေးတွေ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်ခင်ဗျ။
ဧရာဝတီတိုင်းမ်။ ။ မွန်ပြည်သူလူထုတွေအပေါ်ကိုရော ရှေ့ဆက်ဘယ်လို ဦးဆောင်စည်းရုံး သွားဖို့ရှိလဲဆိုတာ သိရမလား။
ဒေါက်တာသီရိမွန်ချမ်း။ ။ မွန်ပြည်သူလူထုတွေကိုလည်း ရှေ့ဆက်ပြီးတော့ ဦးဆောင်ဆွေးနွေး သွားမယ်။ အရင်တုန်းကလည်း မိမိတို့ မွန်ပြည်သူလူထုတစ်ရပ်လုံးက မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးအပေါ်မှာ ခေါင်းဆောင်မှု ပေးခဲ့တာရှိတယ်။
သို့သော်ငြားလည်း ဒီအဖွဲ့အစည်းတွေက ကွဲပြားနေတဲ့အတွက် ဒီမွန်ပြည်သူအကြားမှာလည်း ဟိုတပ်ဖွဲ့ကို ထောက်ခံတဲ့ပြည်သူတွေ၊ နောက်ပြီး ဒီတပ်ဖွဲ့ကို ထောက်ခံတဲ့ပြည်သူတွေနဲ့ ပြည်သူတွေ အကြားမှာ စည်းလုံးညီညွတ်မှုတွေသိပ်ပြီးတော့ မခိုင်မြဲခဲ့ဘူး။ အခုလိုမျိုး တစ်စုတစ်စည်းတည်းနဲ့ တပ်ပေါင်းစုတစ်ခုအနေနဲ့ ပေါင်းစည်းနိုင်တဲ့အတွက် ပြည်သူအကြားမှာလည်း ပိုပြီးတော့ညီညွတ်မှု ရှိမယ်။ ပြည်သူတွေကလည်း ပိုပြီးတော့ တပ်ပေါင်းစုအပေါ်မှာ မျှော်လင့်ချက်တွေ ပိုပြီးတော့ မြင့်လာမှာပါ။
ဧရာဝတီတိုင်းမ်။ ။ မွန်ပြည်သူတွေအနေနဲ့ရော အခုလိုမွန်တပ်ဖွဲ့တွေ ပူးပေါင်းတဲ့အပေါ် ဘယ်လို သဘောထားအမြင်တွေရှိလဲ၊ ဘယ်လိုတုံ့ပြန်ကြလဲ။
ဒေါက်တာသီရိမွန်ချမ်း။ ။ အခုလို ဒီပေါင်းစည်းမှုတွေအပေါ် မွန်ပြည်သူ ပြည်သားများရဲ့ တုံ့ပြန်မှုကတော်တော်လေး အားရစရာကောင်းတယ်။ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာချက် ထုတ်ပြီးတာနဲ့ ပြည်တွင်း ပြည်ပမှာရှိနေတဲ့ မိမိတို့ မွန်ပြည်သူ ပြည်သားများရဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ အများကြီးတွေ့ခဲ့ရတယ်။
သူတို့တွေအနေနဲ့လည်း အရင်တုန်းက သူတွေတောင်းဆိုထားတဲ့အတိုင်း မွန်လက်နက်ကိုင်တပ်တွေ အားလုံးတစ်စုတစ်စည်းတည်းနဲ့ တပ်ပေါင်းစုအသွင်တစ်ခုအဖြစ် ပူးပေါင်းနိုင်တဲ့အပေါ် အများကြီး ဝမ်းသာဂုဏ်ယူတဲ့အကြောင်း တုံ့ပြန်လာတာရှိပါတယ်ခင်ဗျ။
ဧရာဝတီတိုင်းမ်။ ။ ပူးတွဲစစ်ဆင်ရေးလုပ်သွားမယ်လို့လဲ တွေ့ရတော့ ရှေ့ဆက် ဘယ်လိုမျိုး စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့ရှိလဲဆိုတာ ပြောပြပေးလို့ရသလောက်ပေါ့နော်၊ ပြောပြလို့ရမလား။
ဒေါက်တာသီရိမွန်ချမ်း။ ။ စစ်ဆင်ရေးလုပ်မယ်ဆိုတာကလည်း မိမိတို့တင်ပြထားတဲ့အတိုင်း အခုဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုရဲ့ အဓိက ရည်ရွယ်ချက်တစ်ခုက ဗျူဟာမြောက်ပူးတွဲ စစ်ဆင်ရေး တွေလုပ်နိုင်ဖို့အတွက်ပဲ။ အရင်တုန်းက လွန်ခဲ့တဲ့နွေဦးတော်လှန်ရေးကနေ အခုချိန် နှစ်နှစ် သုံးနှစ်ကြားကာလမှာ မိမိတို့ မွန်ပြည်နယ်နဲ့ ဆက်စပ်တိုင်းဒေသကြီးတွေမှာ ကြီးမားတဲ့ စစ်ဆင်ရေး တွေမလုပ်နိုင်ခဲ့ဘူး။ တခြားဒေသကြီးတွေနဲ့စာရင် သိပ်ပြီးအားရစရာကိုမရှိခဲ့ဘူး။
ဒါကလည်း အခုလိုမျိုး ဗျူဟာမြောက်ပေါင်းစည်းထားတဲ့ တိုက်ပွဲတွေ မရှိခဲ့လို့ အခုလိုဖြစ်ခဲ့ရတယ်။
ဒါကြောင့်မို့ အားနည်းချက်တွေ သင်ခန်းစာတွေကိုယူပြီးတော့ ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှု တွေလုပ်ပြီးတာနဲ့ မွန်ပြည်နယ်နဲ့ ဆက်စပ်တိုင်းဒေသကြီးတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့ပြီးတော့ လုပ်သွားမှာပါ။ သို့သော်ငြားလည်း ဒီလှုပ်ရှားမှုတွေဟာစစ်ရေးဆိုင်ရာ လျို့ဝှက်ချက်ဖြစ်တဲ့အတွက် အတိအလင်းပြောလို့ မရသေးပါဘူး။
ဧရာဝတီတိုင်းမ်။ ။တကယ်လို့ အဖွဲ့တွေပေါင်းစည်းပြီးသွားရင်လေ မွန်တပ်တော်အနေနဲ့ တပ်ဖွဲ့ တစ်ခုတည်းကို ပြောင်းလဲလိုက်မှာလား။ ဒီလိုမျိုး အဖွဲ့လေးခုအနေနဲ့ပဲ သက်ဆိုင်ရာကိစ္စတွေကို ပေါင်းစည်းဆောင်ရွက်သွားမလား ဆိုတာကို ပြောပြပေးလို့ရမလား။
ဒေါက်တာသီရိမွန်ချမ်း။ ။ ထုတ်ပြန်ချက်အတိုင်း မိမိတို့သဘောတူညီချက်နှစ်ခုရထားတယ်။ ပထမ သဘောတူညီချက်က မွန်ပြည်မှာလှုပ်ရှားနေတဲ့ မွန်လက်နက်ကိုင်တပ်တွေအားလုံး တစုတစည်းတည်းနဲ့ တစ်ခုတည်းသောမွန်တပ်တော်တစ်ခုကို ဖွဲ့စည်းဖို့ တပ်ဖွဲ့တွေအားလုံးသဘောတူညီခဲ့ကြတယ်။
သို့သော်ငြားလည်း တပ်တော်တစ်ခုအဖြစ်ဖွဲ့စည်းဖို့ ရှိဆဲ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးကို ရုတ်သိမ်းပြီး တပ်ဖွဲ့တစ်ခုအဖြစ်ဖွဲ့စည်းဖို့ အချိန်နည်းနည်းယူရတယ်။ နောက်ပြီးတော့သူ့ရဲ့ လုပ်ငန်းစဉ်ကလည်း အများကြီးရှိသေးတဲ့အတွက် အချိန်တော့နည်းနည်းကြာဦးမယ်။ ခုလောလော ဆယ်မှာ အဲ့ဒီမွန်တပ်တော်တစ်ခုအဖြစ်ပေါင်းစည်းဖို့စီစဉ်နေတဲ့အချိန်မှာကြတော့ တပ်ပေါင်းစုအသွင်နဲ့ အခုလိုအပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဖြည့်ဆည်းသွားဖို့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ် ခင်ဗျ။
ဧရာဝတီတိုင်းမ်။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
#မွန်တပ်တော် #မွန်ပြည်ကာကွယ်ရေးတပ် #ဒေါက်တာသီရိမွန်ချမ်း #Ayeyarwaddy_Times #အင်တာဗျူး