ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့တွင် ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များဆောက်လုပ်ထားသည့်နေအိမ်အချို့ကို ဒီဇင်ဘာ ၂၂ရက်နေ့က စစ်ကောင်စီမှ ဖျက်သိမ်းခိုင်းသဖြင့် ဖျက်ပေးလိုက်ရကြောင်းသတင်းရရှိသည်။

အဆိုပါ ရခိုင်စစ်ဘေးရှောင်များနေထိုင်ရာ မြို့အ၀င်တံတားခြေရင်းရှိ နေအိမ်များကို လက်ရှိတွင် ဖျက်သိမ်းလိုက်ရပြီး အခြား နေရာများတွင်နေထိုင်သူများကိုလည်း ခုနှစ်ရက်အတွင်းဖျက်သိမ်းပြောင်းရွှေ့ရန် စစ်ကောင်စီနှင့်အုပ်ချုပ်ရေးပိုင်းမှ လိုက်လံပြောကြားခဲ့ကြောင်း သိရှိရသည်။

” ရခိုင်စစ်ဘေးရှောင်တွေအများကြီးရောက်လာတော့ ယာယီအိမ်လေးတွေဆောက်နေတာ။ ကျူးကျော်ဆိုပြီး ဖျက်ခိုင်းတာ လမ်းမဘေးတွေမှာနေတဲ့သူတွေဆိုလဲနှင်ထုတ်တယ်။ မြို့အင်္ဂါရပ်နဲ့မညီလို့ဆိုပြီး အိမ်ဌား၊ အိမ်၀ယ်နေရင်တော့ရတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို​ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်နယ် ဂွနှင့်အမ်းမြို့များမှ စစ်ဘေးရှောင်သူ ၅၀၀ ကျော်ခန့်ရှိနေပြီး ဒေသခံများ၏နေအိမ်များကို ငှါးရမ်းနေထိုင် ခြင်းနှင့်အုန်းခြံများတွင် နေအိမ်ဆောက်လုပ် နေထိုင်သူများပြည့်နေသည့်အတွက် ယာယီပြုတဲများဆောက်ပြီး နေထိုင်နေကြရာ ယခုကဲ့သို့ ဖျက်ခိုင်းသည့်အတွက် အခက်အခဲကြုံနေကြောင်းသိရှိရသည်။

ဧရာ၀တီတိုင်းနှင့်ထိစပ်နေသော ရခိုင်ပြည်နယ်တွင် ရခိုင့်တပ်တော်AAနှင့်စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ဘေးရှောင်ပြည်သူများသည် ပုသိမ်၊ရေကြည်၊ ငါးသိုင်းချောင်း၊ရွှေသောင်ယံ၊ သာပေါင်းမြို့များသို့ ရွှေ့ပြောင်း နေထိုင်နေရကြောင်း သိရှိရသည်။

#ရွှေသောင်ယံမြို့ #စစ်ကောင်စီ #ရခိုင်စစ်ဘေးရှောင်နေအိမ်များ #ဖျက်ခိုင်း #Ayeyarwaddy_Times