ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၃ ရက်

စစ်ကောင်စီသည် ယခုဒီဇင်ဘာ အပါအဝင် လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရုံးဖွင့်ရက်ကျသော အများပြည်သူရုံးပိတ်ရက် နေ့မရောက်ခင်ရုံးဖွင့်ရက်ကျသောနေ့များကို ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး ရုံးပိတ်ရက် ( စနေနေ့) တွင် အစားထိုးရုံးပြန်တက်ရမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

စစ်ကောင်စီသည် အဓမ္မအာဏာသိမ်းပြီးနောက် အရပ်သားအစိုးရ NLD လက်ထက်က သတ်မှတ်ထားသော ရုံးပိတ်ရက်စနစ်များကို ပယ်ဖျက်လိုက်ပြီး ယခုအခါ ပိတ်ရက်ရှည် ပြန်လည်သက်မှတ်လိုက်ခြင်း ဖြစ်သည်။

အများပြည်သူနှင့် စစ်ကောင်စီဝန်ထမ်းများ ခရီးသွားလာမှုလွယ်ကူစေရန် ရက်ရှည်အနားယူ အပန်းဖြေနိုင်စေရန်အတွက် ရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်များကြားရှိ ရုံးဖွင့်ရက်များ ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း စစ်ကောင်စီထုတ်ပြန်သည်။

စစ်ကောင်စီသည် ရုံးပိတ်ရက်ကို ကာလ လေးပိုင်း ခြားကာ ၂၀၂၅ ခုနှစ်အတွင်း ပထမရုံးပိတ်ရက် ၅ အတွက် စနေနေ့ (ဇန်နဝါရီ ၁၁ ရက်) တွင် အစားထိုးရုံးပြန်တက်ရမည် ဖြစ်ကြောင်းပါဝင်သည်။

ထို့ပြင်ဒုတိယရုံးပိတ်ရက်ရှည်ကာလအတွင်း စနေနေ့ ( မတ်လ ၂၂ ရက်) နှင့် (မတ်လ ၂၉ ရက်နေ့) ၊ တတိယရုံးပိတ်ရက်အတွင်း စနေနေ့ ( နိုဝင်ဘာ ၈ ) နှင့် စတုတ္ထရုံးပိတ်ရက်ကာလအတွင်း ၂၀၂၆ ခုနှစ် စနေနေ့ (ဇန်နဝါရီ ၃) တွင် အစားထိုးရုံးတက်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၃၀ ရက်နေ့ အထိသည် မူလရုံးပိတ်ရက်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက် (တနင်္လာနေ့) ကိုရုံးပိတ်ရက်သတ်မှတ်လိုက်ကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့သည် နိုင်ငံတကာ နှစ်သစ်ကူးနေ့ပိတ်ရက်ဖြစ်၍ ရုံးပိတ် ရက် ငါးရက်တစ်ဆက်တည်းရရှိမည်ဖြစ်သည်။

လာမည့် ၂၀၂၅ ခုနှစ် မတ်လတွင်လည်း မတ်လ ၁၂ ရက်မှ ၁၆ ရက်နေ့အတွင်း အများပြည်ရုံးပိတ်ရက် ငါးရက်ရရှိမည်ဖြစ်သည်။

ထို့ပြင်နိုဝင်ဘာလတွင် နိုဝင်ဘာ ၁ ရက်နေ့မှ ၄ ရက်နေ့အထိရုံးပိတ်သတ်မှတ်ခြင်း နှင့် ဒီဇင်ဘာတွင် ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)မှ ၂၈ ရက်နေ့အထိ ရုံးပိတ်ရက်လေးရက်ပြောင်းလဲ သတ်မှတ် လိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

စစ်ကောင်စီသည် ရုံးပိတ်ရက်များကို မျိုးစုံပြောင်းလဲ သက်မှတ်နေပြီး တရုတ်နှစ်သစ်ကူးနေ့ကိုလည်း အများပြည်သူရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။

စစ်ကောင်စီသည် ယခု ၂၀၂၅ ခုနှစ် ပြက္ခဒိန်တွင် အများပြည်သူရုံးပိတ်ရက် အဖြစ်မှားယွင်း ဖော်ပြ ခဲ့သော စာပေတိုက်နှင့် ထုတ်ဝေသူများကို ခေါ်ယူသတိပေးခဲ့ပြီး ထိုသို့ ရုံးပိတ်ရက်မှားယွင်းဖော်ပြသော စာပေတိုက်များအနက် ရွှေနိုင်ငံပိုစတာနှင့် စာပေဖြန့်ချိရေးကို လိုင်စင်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က ရုပ်သိမ်းခဲ့သည်။

စစ်ကောင်စီက ရုံးပိတ်ရက်မှားယွင်းဖော်ပြခဲ့သူများကို ထိုသို့လုပ်ဆောင်ခဲ့သော်လည်း လက်ရှိ ဈေးကွက်တွင် ရောက်ရှိနေပြီဖြစ်သည့် ၂၀၂၅ ပြက္ခဒိန်များတွင် ယခု စစ်ကောင်စီက သတ်မှတ် လိုက်သည့် ရုံးပိတ်ရက်အသစ်များအတွက် သတ်မှတ်ချက် အမှတ်အသား(အနီရောင်) ပါဝင်မည် မဟုတ်ပေ။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#စစ်ကောင်စီ #ရုံးပိတ်ရက်ရှည် #ရုံးဖွင့်ရက်များ #တစ်ဆက်စပ်တည်းပိတ် #စနေ #အစားထိုးရုံးတက်
#Ayeyarwaddy_Times