
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
ဧရာဝတီတိုင်းမှာ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းသင်တန်းတက်ရောက်ပြီး ထွက်ပြေးသူ ၁၀၀ ကျော်အထိရှိလာပြီးဖြစ်ကြောင်း စစ်ကောင်စီတပ်အသိုင်းဝိုင်းမှသိရသည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် လူစုခံရသူများ သည် ဒေသခံလူငယ်အများစုဖြစ်ပြီး အတင်းအဓမ္မလူစုခံရသလို သင်တန်းဆင်းပြီးနောက်ပိုင်း ရခိုင် ပြည်နယ်နှင့် ဧရာဝတီတိုင်းအစပ် ဂွမြို့နယ်တို့တွင် အရက္ခတပ်တော် (AA)က တိုက်ပွဲများ ဖော်ဆောင် လာပြီးနောက်ပိုင်း ထွက်ပြေးသူ ရာနှင့်ချီ၍ရှိကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံက သိရသည်။
“ သူတို့(စစ်မှုထမ်းသင်တန်းတက်ရောက်ရသူများ)က မဖြစ်မနေမို့သာ ဝင်လာကြတာ။ အများစုက တိုက်ပွဲတကယ်ဖြစ်တော့မယ်လည်းဆိုရော ပြေးတာများတယ်။ ဒီလ ဒီဇင်ဘာလ တစ်လထဲကို ပြေးတဲ့သူ ၅၀ ကျော်လောက် ရှိသွားပြီ”ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူ အသက် ၄၀ ဝန်းကျင်အရွယ် ပုသိမ်မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်းအတွင်းရှိ စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်အဖြစ်စုဆောင်းခံရသူအများစုကို ပုသိမ်မြို့ နှင့် ဟင်္သာမြို့ရှိ စစ်သင်တန်းကျောင်းများတွင် စစ်သင်တန်းပေးပြီးနောက် သင်တန်းဆင်းလာသည့်အခါ ရခိုင်ဒေသနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ပို့ဆောင်တာဝန်ထမ်းဆောင်စေခြင်းတို့ကြောင်း ထွက်ပြေးသူ များလာခြင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
စစ်မှုထမ်းဥပဒေဖြင့် တပ်သားသစ်စုဆောင်းခံရပြီးနောက် တာဝန်ထမ်းဆောင်သူများသည် အတွေ့ အကြုံမရှိဘဲ ရှေ့တန်းတိုက်ပွဲဖြစ်ပွားနေရာများတွင် သွားရောက်တာဝန်ထမ်းဆောင်နေရသည့် အတွက် သေဆုံးမှုလည်း များပြားကြောင်း ဒေသခံများထံက သိရသည်။
“ခုက ရွာမှာ အလှည့်က တစ်လ နှစ် ယောက်ပေးလိုက်ရတာမျိုးရှိတယ်။ သင်တန်းတက်ရ တော့မယ်ဆိုပြီး ထွက်သွားတဲ့ တစ်ပတ်လောက်ပဲ အဆက်သွယ်ရတယ်။ အဲ့နောက်ပိုင်း သေလား ရှင်လား မသိရတော့ဘူး။ နောက်ဆုံး သေရင်တောင် သတင်းလာပြောပေးတာမျိုး မရှိဘူး။ သင်တန်း တက်ဖို့ထွက်သွားပြီးကတည်းက အခုထိပြန်မလာတာ အားလုံးလို့ ပြောရမလားပဲ”ဟု ကန်ကြီးထောင့် မြို့ခံ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းဆင်းပြီးနောက် ရှေ့တန်းပို့ဆောင်ခံရသူ အများစုသည် လမ်းခရီးတွင် ဖမ်းဆီးခံရမှု၊ မိုင်းဆွဲခံရမှုများအပြင် တိုက်ပွဲအတွင်း သေဆုံးမှုများ မကြာခဏရှိနေကြာင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
#ဧရာဝတီတိုင်း #စစ်မှုထမ်းသင်တန်းဆင်း #ထွက်ပြေးသူ #၁၀၀ကျော် #Ayeyarwaddy_Times