ဧရာဝတီတိုင်းမ်
(မွန်)၊ ဒီဇင်ဘာ ၂၂ ရက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် နှင့် ဘီးလင်းမြို့နယ် ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းများမှ တပ်ဖွဲ့ဝင်များမှာ ကျိုက်ထိုမြို့မရဲစခန်းမှ ဒုရဲအုပ်နာမည် အသုံးပြု၍ ခရီးသွားကားများထံက ငွေကြေး ကောက်ခံမှုများ ပြုလုပ် နေကြောင်း သိရသည်။

ထိုသို့ကောက်ခံရာတွင် ကား အစီးရေတိုင်းနီးပါးထံမှ ကောက်ခံခြင်းဖြစ်ပြီး ကျိုက်ထိုမြို့မရဲစခန်းမှ ဒုရဲအုပ် နယ်ထိန်းခေါင်းဆောင် ဝင်းကြိုင် နံမည်အသုံးပြုကာ ခြိမ်းခြောက် ငွေတောင်းခြင်းဖြစ်ပြီး ငွေမပေးပါက ပြန်လှည့်ခိုင်းပြီး ငွေပေးရာတွင်လည်း ဒုရဲအုပ် KBZ pay အကောင့်သို့ လွှဲပေးရကြောင်း သိရသည်။

“kpayနဲ့ ဒုရဲအုပ်ကိုလွှဲပေးရတာ။ ကားဝင်လာတာနဲ့ ဗိုလ်လေးနဲ့ချိတ်ထားတာလား ဘာလားမေးတယ်။ သူတို့က ကားသမားတွေကို ဖုန်းနံပါတ်ပေးပြီး ဖုန်းဆက်ပြီး ဖြတ်ခိုင်းတာ။ ကျိုက်ထိုရဲစခန်းက ဒုရဲအုပ်နံမည်နဲ့ ဘီးလင်းအကျော်ကနေ အမြန်လမ်း၃၉မိုင်ဂိတ်အထိသူ့နာမည်နဲ့ဖြတ်ရတယ်” ဟု ခရီးသွား အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကျိုက်ထိုမြို့အဝင် မရမ်းချောင် စစ်ဆေးရေးဂိတ် နှင့် ဘီးလင်းမြို့မှ သံတံတား စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီလက် အောက်ခံ တပ်ဖွဲ့များ၊ ပျူစောထီးများ မှ ခရီးသွား ကား များဖြစ်သည့် ကုန်ကား၊ အိမ်စီးကားများထံမှ ငွေကျပ် ၅၀၀၀၊ ၁၅၀၀၀ စသည့် ဖြင့် ကောက်ခံနေခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် ထိုသို့ ကောက်ခံ နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ခရီးသွား ပြည်သူများက ပေးဆောင်ခြင်းမပြုပါက ဒုချုပ်စိုးဝင်းအမိန့်ဟုဆိုကာ ထပ်မံ၍ ငွေကျပ်သိန်းဆယ်ချီ ခြိမ်းခြောက်ကောက်ခံမှုများလည်း ရှိနေကြောင်း သိရသည်။

ထိုသို့ ခရီးသွားပြည်သူများထံမှ ငွေခြိမ်းခြောက် ကောက်ခံသည့် ဘီးလင်း သံတံတားဂိတ် နှင့် ကျိုက်ထို မရမ်းချောင် စစ်ဆေးရေး ဂိတ်များသည် တော်လှန်ရေး တပ်ဖွဲ့များ၏ မကြာခဏ ပစ်ခတ် တိုက်ခိုက်ခြင်းကို ခံရလေ့ရှိသည့် စစ်ဆေးရေးဂိတ်စခန်းများ ဖြစ်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဘီးလင်း #ကျိုက်ထို #စစ်ကောင်စီ #စစ်ဆေးရေးဂိတ် #ငွေကြေးကောက်ခံ #Ayeyarwaddy_Times