
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ထိုင်ဝမ်သို့ ဒေါ်လာ ၅၇၁ ဒသမ ၃ သန်း တန်ကြေးရှိ စစ်ရေး အကူအညီပေးဖို့ ဒီဇင်ဘာလ ၂၀ ရက်က အတည်ပြုခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ သံတမန်ရေးရာအရ ထိုင်ဝမ်ကို တရားဝင် အတည်မပြုပေမယ့် ထိုင်ဝမ်ရဲ့ မဟာဗျူဟာမြောက် မဟာမိတ်နဲ့ စစ်လက်နက်အများဆုံး ထောက်ပံ့သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုင်ဝမ်အပေါ် နိုင်ငံရေးနဲ့ စစ်ရေးဖိအားပေးမှု အရှိန်မြှင့်လာခဲ့တဲ့ တရုတ် နိုင်ငံဟာ ထိုင်ဝမ်သို့ စစ်လက်နက်တွေပေးပို့တာ ရပ်ဆိုင်းဖို့ အမေရိကန်နိုင်ငံကို ကြိမ်ဖန်များစွာ တောင်း ဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်က ထိုင်ဝမ်ကျွန်းအနီး အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ကာ ဂျပန်အနီး တောင်ပိုင်းကျွန်းစုတွေကနေ တောင်တရုတ်ပင်လယ်အထိ စစ်သင်္ဘော ၉၀ စင်း ဝန်းကျင် စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ် တာဝန်ရှိသူတွေက ပြောပါတယ်။
ထိုင်ဝမ်သို့ ဒေါ်လာ ၅၇၁ ဒသမ ၃ သန်း တန်ကြေးရှိ စစ်ရေး အကူအညီပေးဖို့ ဂျိုးဘိုင်ဒင်က နိုင် ငံခြားရေးဝန်ကြီးကို ခွင့်ပြုလိုက်ပြီလို့ အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
လွန်ခဲ့သော (၃) လက ထိုင်ဝမ်သို့ ဒေါ်လာ ၅၆၇ သန်း လုံခြုံရေးအကူအညီပေးဖို့ အတည်ပြုပြီး နောက် ယခုစစ်ရေးအကူအညီကို အတည်ပြုခဲ့တာလို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ထိုင်ဝမ်သို့ နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုကို အမျက်ဒေါသထွက်ကြောင်း တရုတ်နိုင်ငံက ပုံမှန် ထုတ် ဖော်ပြောဆိုခဲ့သလို ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တယ်လို့ အမေရိကန်နိုင်ငံကို စွပ်စွဲခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ နေ့စဉ်နီးပါး ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ စစ်သင်္ဘောတွေ စေလွှတ်ပါတယ်။
ထိုင်ဝမ်ကို သူ့ထိန်းချုပ်မှုအောက် ပြန်လည်ထားရှိဖို့ အင်အားသုံးမယ်လို့ တရုတ်နိုင်ငံက ပြော ကြားခဲ့သလို သေချာပေါက် ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းမယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်အတွင်း ထိုင်ဝမ်အပေါ် သံတမန်ရေး၊ နိုင်ငံရေးနဲ့ စစ်ရေးဖိအားပေးမှု အရှိန်မြှင့်ခဲ့တယ်လို့ အမေရိကန် ပင်တဂွန်အစီရင်ခံစာက ပြီးခဲ့တဲ့အပတ်အတွင်း ဖော်ပြခဲ့ပါတယ်။
ကိုးကား – AFP
Ref; US President Biden authorises US$571 million in military aid to Taiwan
#Ayeyarwaddy_Times