
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ရက်
ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်မှလွဲ၍ တစ်ပြည်နယ်လုံးကို အာရက္ခတပ်တော် (AA) သိမ်းပိုက်လိုက်ချိန်တွင် တိုက်ပွဲ မရှိသေးသည့် စစ်တွေမြို့ပေါ်မှ စစ်ကောင်စီမိသားစုဝင်များ ပြောင်းရွှေ့ ထွက်ပြေးကြကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ရက်နေ့ ညပိုင်းတွင် စစ်တွေမြို့ရှိ စစ်ကောင်စီမိသားစုဝင် ၃၀၀ ခန့်သည် ရွှေမင်းဂံရေတပ်ဆိပ်ကမ်းမှတစ်ဆင့် ဇက်သင်္ဘောများဖြင့် ပြောင်းရွှေ့သွားကြကြောင်း သိရသည်။
“ကျောက်ဖြူကိုရွှေ့တယ်လို့ သိထားပါတယ်။ ရန်ကုန်ရွှေ့ချင်သူတွေကိုလည်း စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ NGO အဖွဲ့တွေလည်း စရွှေ့နေပြီ။ စစ်ရေးရောက်မှာ ကြောက်နေကြပါတယ်” ဟု စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်တွေမြို့ရှိ အိန္ဒိယကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းအားလုံးကို ရန်ကုန်သို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုခဲ့သည်။
လက်တလောတွင် တောင်ကုတ် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) နှင့် အမ်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)၊ မောင်တော အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) မြို့သူကြီး တို့ကျသွားပြီးနောက် စစ်ကောင်စီက စစ်တွေကို ခံစစ်ပြင်ကာ လုံခြုံရေးများတိုးချဲ့ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက်ညပိုင်းကလည်း စစ်တွေ၊ ပါဒလိတ် အခြေစိုက်တပ်ရင်း ခမရ ၃၄၄မှနေ၍ ပုဏ္ဏားကျွန်းမြို့နယ်ထဲကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် သေဆုံးထိခိုက်ဒဏ်ရာရရှိသည့် ဒေသခံများရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့တွင်း၌လည်း အင်အား ရာချီသုံးကာ ကင်းလှည့်ပြီး စစ်တွေမြို့နယ်အတွင်း ကျေးရွာများမှ အဓမ္မပြောင်းရွှေ့ခြင်း ခံခဲ့ရသည့် ဒေသခံများကို ဧည့်စာရင်း အကြောင်းပြဖမ်းဆီးမှုများရှိကြောင်း သိရသည်။
#စစ်တွေ #စစ်ကောင်စီ #မိသားစုဝင်၃၀၀ #အရေးပေါ်ပြောင်းပြေး #Ayeyarwaddy_Times