
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၂ ရက်
စစ်ကောင်စီ၏ အဓိကကျသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တစ်ခုလုံး ကျသွားချိန်တွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော် ပိတ်ပွဲကို တက်ရောက်နေခဲ့ပြီး ယခု (၇၇)နှစ်မြောက် တပ်မတော်(ရေ) နှစ်ပတ်လည်နေ့ (ရေတပ်မွေးနေ့) ပွဲကိုလည်း တက်ရောက်ဦးမည် ဖြစ်ကြောင်း သိရသည်။
ယခုလာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့တွင် (၇၇) နှစ်မြောက် ရေတပ်မွေး နေ့အထိမ်းအမှတ်ပွဲကို သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ရေတပ်နှစ်ပတ်လည်ပွဲ အခမ်းအနားနှင့်အတူ စစ်သင်္ဘောနှစ်စီးရေချ၍ တပ်တော်ဝင်မည်ဖြစ်ရာ ထိုပွဲကို စစ်ခေါင်းဆောင်ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
“စစ်တိုင်းဌာနတွေတစ်ချိန်လုံး ကျနေတာတောင် စစ်ခေါင်းဆောင်က တိုင်းပြည်အေးချမ်းနေတဲ့အတိုင်း ပွဲတက်မပြတ်ဘူး။ အခုလည်း ရေတပ်မွေးနေ့လုပ်မယ်။ သူ့လုံခြုံရေးအတွက် အင်အားဖြုန်းတီးဦးမှာပဲ” ဟု လုံခြံရေးတပ်ဖွဲ့ဝင်အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
စစ်ခေါင်းဆောင်ကိုယ်တိုင် ပွဲတက်ရောက်မည်ဖြစ်သည့်အတွက် သန်လျင်မြို့တွင်းနှင့် ရပ်ကွက် အတွင်းပါမကျန် လမ်းတိုင်းတွင် စစ်ဆေးရေးနှင့် လုံခြုံရေးများကို ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှစ၍ အင်အားရာချီသုံးကာ ကင်းလှည့်လျက်ရှိကြောင်း ဒေသခံများထံက သိရသည်။
“စစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်မယ့်ပွဲဆိုတော့ အင်အားထောင်ချီကပ်အောင် လုံခြုံရေး အတွက် ပေးထားရတယ်။ သူလာမယ့်လမ်းတစ်လျှောက်ရော၊ PDF တွေကို လှည့်စားတဲ့အနေနဲ့ရော လမ်းကြောင်းလွှဲ လုံခြုံရေးယူရတာတွေရှိတယ်။ အင်အားက တိုက်ပွဲထဲပို့ဖို့ အရမ်းလိုအပ်နေချိန်မှာ သူပွဲတက်ဖို့အတွက် အင်အားဖြုန်းတီးရာကျတယ်။ သုံးလေးရက်ကြိုပြီး လုံခြုံရေးယူပေးရတယ်”ဟု တပ်သတင်း ရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရေတပ်မွေးနေ့အတွက် သန်လျင်မြို့ လမ်းတစ်လျှောက်ရှိ ဈေးဆိုင်ခန်းများကို ပိတ်သိမ်းခိုင်းထားပြီး လမ်းဆုံ၊ လမ်းခွများ၌ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအပြည့်ယူထားကြောင်း သိရသည်။
“တပ်မွေးနေ့ လုပ်မှာမို့လို့ ဆိုင်ခန်းတွေအကုန်ပိတ်ရတယ်။ တချို့ဆိုင်ခန်းတွေဆို အပြီးဖျက်ပေးရမယ် ဆိုပြီး ပြောသွားတယ်။ လမ်းပေါ်မှာ ဆိုက်တွဲမပြောနဲ့ ခွေးဖြတ်တာတောင် မမြင်ချင်ဘူးဆိုပြီး လုံခြံရေးတင်းကျပ်ထားတယ်”ဟု သန်လျင်မြို့နေအမျိုးသမီး တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်တိုင်းဌာနချုပ် (နပခ)ကြီးတစ်ခုလုံးကို လက်လွှတ်လိုက်ရပြီး ရခိုင်ပြည်နယ်ကိုပါ လက်လွှတ်ရမည့်အခြေအနေကိုရောက်နေသည့်အချိန်တွင် နေပြည်တော်၌ အမျိုးသား အားကစားပွဲတော်ကျင်းပနေသည့် စစ်ခေါင်းဆောင်ကို တပ်တွင်းစစ်အရာရှိများနှင့် တပ်ထောက်ခံသူများက ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။
ပုံစာ-(၇၅) နှစ်မြောက် ရေတပ်မွေး နေ့အထိမ်းအမှတ်အခမ်းအနားတွင်တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၂၄.၁၂.၂၀၂၂)
#၇၇နှစ်မြောက် #ရေတပ်မွေးနေ့ #စစ်ခေါင်းဆောင် #တက်ရောက် #လုံခြုံရေးပြင်ဆင် #Ayeyarwaddy_Times