
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်တိုင်းဌာနချုပ် (နပခ)ကြီးတစ်ခုလုံးကို လက်လွှတ်လိုက်ရပြီး ရခိုင်ပြည်နယ်ကိုပါ လက်လွှတ်ရမည့်အခြေအနေကိုရောက်နေသော်လည်း နေပြည်တော်တွင် ပဉ္ဒမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကျင်းပနေသည့် စစ်ခေါင်းဆောင်ကို တပ်တွင်း စစ်အရာရှိများနှင့် တပ်ထောက်ခံသူများက ဝေဖန်ပြောဆိုမှုများရှိနေကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ စစ်တိုင်းဌာနချုပ်ကြီးတစ်ခုဖြစ်သည့် နပခစစ်တိုင်းကျဆုံးချိန် ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် စစ်ခေါင်းဆောင်က နေပြည်တော်၌ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲကျင်းပနေ၍ တပ်တွင်းစစ်အရာရှိများ ဝေဖန်ပြောဆိုလာခြင်းဖြစ်သည်။
“စစ်တိုင်းကြီးတစ်ခုလုံး အတိုက်ခံရပြီး ပါသွားချိန်မှာ သူကအပြုံးမပျက် ပွဲတက်နေတော့ ပြောစရာ တောင် မရှိတော့ဘူး။ အခုက မလုပ်ဘူးလား ပြန်မတိုက်ဘူးလား ဆိုတော့ လုပ်လို့ရတဲ့နည်းလမ်း ပေါင်းစုံက လုပ်တာတောင် မနိုင်တဲ့အခြေအနေ၊ ဒီထက်ပိုလုပ်စရာလည်း မရှိတော့ဘူး။ ကိုယ့်လူတွေကိုလည်း ကယ်မထုတ်နိုင်ဘူး။ စစ်တပ်ကြီးတစ်ခုလုံး ပျက်နေပြီ” ဟု နေပြည်တော် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များနှင့်နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြီး တိုက်ခိုက်ခံနေစဉ်တွင်ပင် ကယ်ထုတ်ခြင်းမရှိဘဲ အသေခံတိုက်ခိုင်းမှုနှင့် အလံဖြူထောင်လက်နက်ချစဉ် လိုက်လံပစ်ခတ်ကာ လေကြောင်းမှ ဗုံးကြဲမှုများကြောင့်အပြင် စစ်တိုင်းမှူးများအထိ ဖမ်းဆီးခံရမှုအပေါ် စစ်တပ်မိသားစုဝင်များနှင့် စစ်တပ်ထောက်ခံသူများမှ စိတ်ပျက်နေကြကြောင်း သိရသည်။
ယင်းသို့ စစ်တိုင်းကြီး တိုက်ခိုက်သိမ်းပိုက်ခံနေရပြီး စစ်တိုင်းမှူးများ ဖမ်းဆီးခံနေရချိန်တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်တွင် အမျိုးသားအားကစား ပွဲတော်ကျင်းပ၍ နိုင်ငံကို ကာကွယ်နေသည်ဟု စစ်တပ်ထောက်ခံသူ လော်ဘီများကပင် ဆိုလာသည်။
စစ်ခေါင်းဆောင်က အမျိုးသားအားကစားပွဲတော်ပိတ်ပွဲတွင် ပြည်သူလူထုနှင့်သက်ဆိုင်သည့် စကားအချို့ကို ပြောလိုကြောင်းဟုဆိုကာ အားကစားနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နေခြင်းဖြစ်ပြီး မြန်မာဟူသည့်စိတ်ကို နိုးထစေပြီး နိုင်ငံကိုကာကွယ်နေခြင်းပင်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ထို့အပြင် ယခုအခါတွင် မိမိတို့နိုင်ငံသည် ပြည်တွင်း ပြည်ပအန္တရာယ်များ ဝင်ရောက်စွက်ဖက်မှုများဖြင့် ကြုံနေရကြောင်း၊ ကျဆုံးသွားခဲ့ရသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်မှု ထမ်းအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ အခြားနိုင်ငံ့သားကောင်းများ အားလုံးကို အထူးအလေးထား ဦးညွတ် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောဆိုခဲ့သည်။
#နပခ #သိမ်းပိုက်ခံရချိန် #စစ်ခေါင်းဆောင် #ပွဲတက် #စစ်တပ်အရာရှိများ #တပ်မိသားစု #စိတ်ပျက်နေ #Ayeyarwaddy_Times