ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်

ဧရာ၀တီတိုင်းအတွင်း စစ်မှုထမ်းဥပဒေအရ ခေါ်ဆောင်ခံရသည့် လူငယ်များကို အနောက်တောင်တိုင်း စစ်ဌာနချုပ်တွင်ထားရှိပြီး သင်တန်းအပါတ်စဥ် ၈ အဖြစ် ဒီဇင်ဘာလ ၂၀ ရက်နေ့က စတင်စေလွှတ်ခဲ့ကြောင်းသိရှိရသည်။

စစ်မှုထမ်းသင်တန်းသားများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမတွင် ဧရာ၀တီတိုင်း၀န်ကြီးချုပ် ဦးတင်မောင်၀င်းနှင့် စစ်တိုင်းမှူးအသစ်ဗိုလ်မှူးချုပ်စိုးကျော်ထက်တို့ လာရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီပိုင်မီဒီယာများမှ သတင်းထုတ်ပြန်သည်။

“အုပ်ကြီးတွေဆီက ငွေယူပြီးလိုက်တဲ့သူတွေနဲ့ ပေါ်တာဆွဲခံရတဲ့သူတွေများတယ်။ အရင်အပါတ်စဥ်က သင်တန်းမပြီးခင်ထွက်ပြေးလို့ပြန်မိတဲ့သူတွေလဲ ပြန်ထည့်ထားတယ်။ အင်အား ၅၀၀လောက်ရှိမယ်”ဟု စစ်ကောင်စီတပ်နှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါပုသိမ်မြို့နယ် ၊ ရွှေမြင်တင် ကျေးရွာအုပ်စုရှိအမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ် နှင့် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ရှိ အမှတ် ၅ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းတို့တွင် နှစ်နေရာခွဲကာ စသင်တန်းပေးမည်ဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။

ယခုစစ်မှုထမ်းဥပဒေအရ သင်တန်းတက်ရသူများသည် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးများမှ အတင်းအကျပ်နံမည်စာရင်းထည့်သူများအပြင်၊ စစ်ကောင်စီ၏ အတင်းအဓမ္မပေါ်တာဆွဲခြင်းခံခဲ့ရသူအများဆုံးပါ၀င်ကြောင်း သိရသည်။

ဧရာ၀တီတိုင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအပါတ်စဉ် ၇အထိ သင်တန်းတစ်ခုလျှင် သုံးလသာသင်တန်းပေးခဲ့ပြီး တပ်သားသစ်အများစုကို ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ရာတွင် တိုက်ပွဲတွင်သေဆုံး၊ပျောက်ဆုံးခြင်းနှင့် တပ်အတွင်းမှာပင် ရှေတန်းသို့အတင်းအကျပ်ပို့ဆောင်ကာ မိသားစုများဖြင့် ဆက်သွယ်ခွင့်မပေးသောကြောင့် နေ့စဥ်ထွက်ပြေးမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။

#ဧရာ၀တီတိုင်း #စစ်မှုထမ်းအပတ်စဥ်၈ #စစ်သင်တန်းများစတင် #Ayeyarwaddy_Times