
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
နိုင်ငံတဝန်း စစ်ရှုံး၍ တပ်တွင်း ပြိုကွဲလာချိန် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လူယုံတော်များဖြင့် တပ်ထိပ်ပိုင်းရာထူး အပြောင်းအလဲများ ထပ်မံပြုလုပ်ခဲ့ပြီး ထိုအရာသည် ၎င်းတို့ထိန်းချုပ်ထားသော ကျန်ရှိနယ်မြေများ ဆက်ထိန်းနိုင်ရန် ကြိုးစားခြင်းဖြစ်ကြောင်း CDM အရာရှိများနှင့် လေ့လာသူတို့က ထောက်ပြသည်။
အာဏာသိမ်း စစ်ကောင်စီသည် စစ်ရေးဆုံးဖြတ်ချက် ချမှတ်ရသည့် အဆင့်သုံးနေရာဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)အပါအဝင် ကာကွယ်ရေးဝန်ကြီးနှင့် စစ်တိုင်းမှူးများကို ယခုရက် ပိုင်းအတွင်း ထပ်မံအပြောင်းအလဲ ပြုလုပ်ခဲ့ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
“သူ(စစ်ခေါင်းဆောင်)က ကျန်ရှိနယ်မြေတွေကို ထိန်းနိုင်ဖို့ကိုပဲ အဓိကကြိုးစားနေရတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဆက်လည်း မတိုက်နိုင်တော့သလို ထိန်းနိုင်ဖို့အတွက်တောင် တော်တော်လေး ပြင်ဆင်နေရတယ်” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယခုအကြိမ် အပြောင်းအလဲမှာ စစ်ရေးအတွေ့အကြုံမရှိသော စစ်ဦးစီးအရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ် ဒုဗိုလ်ချုပ် ကြီး ကျော်စွာလင်းကို ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ယခင်ညှိကွပ် ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ဒုဝန်ကြီး ချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ထို့အပြင် ယခင်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ဒုဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ စစ်ဦးစီးအရာရှိချုပ်(ကြည်း)နေရာကို အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ)တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်အား ပြောင်းလဲခန့်အပ်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ကာချုပ်အပြင် နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်ပါ ရယူခဲ့ပြီး ယခုအခါနိုင်ငံတော်ဝန်ကြီးချုပ်ရုံးဟု ထပ်တိုးဖွဲ့စည်းကာ ပြည်ထောင်ဝန်ကြီးအဖြစ် ဗိုလ်ချုပ်ကြီး တင်အောင်စန်းကို ပထမဆုံး ခန့်အပ်လိုက်ခြင်းလည်းဖြစ်သည်။
“ရှမ်းမြောက်၊ ကချင်၊ ရခိုင်ဘက်ခြမ်းက စစ်ကောင်စီအာဏာ မရှိတော့ဘူးလေ။ မန္တလေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စတာတွေကို သူဆက်ထိန်းနိုင်အောင် ကြိုးစားမယ်ဆိုတဲ့ သဘောမျိုး။ ရာထူးအဆင့် တိုးပေးပြီးတော့ မက်လုံးပေးတာ” ဟု CDM ဗိုလ်ကြီးဘုဏ်းသိုက်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အတူ (နမခ)တိုင်းမှူးနေရာကို တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက-၁၃) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းကိုမူ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြောင်းရွှေ့၍ ၎င်းနေရာအား ဗိုလ်မှူးချုပ် စိုးကျော်ထက်ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသည်နှင့်အမျှ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တစ်ကိုယ်တော် ထင်တိုင်းကြဲလာခဲ့သလို တပ်ထိပ်ပိုင်းရာထူး အပြောင်းအလဲ များကိုလည်း မကြာခဏ ပြုလုပ်ခဲ့ရာ လက်ရှိတွင် ငါးကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း သိရသည်။
“သူ့စစ်တပ် အရှုံးတွေနဲ့ ရင်ဆိုင်ရတိုင်း တိုင်းမှူးတွေ၊ တပ်မမှူးတွေ၊ စစ်ဦးစီးမှူးတွေကို အပြစ်တင်ပြီးတော့ နေရာတွေ ပြောင်းတာတွေက အခုဆိုရင် အကြိမ်မနည်းတော့ပါဘူး။ ဒါပေမယ့် မထူးခဲ့ပါဘူး” ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုစစ်ရှုံးမှုများသည် စစ်ခေါင်းဆောင်၏ အာဏာသိမ်းမှုနှင့်အတူ မှားယွင်းသော မူဝါဒများကြောင့် ဖြစ်နေရသလို အမှန်တကယ် အပြောင်းအလဲ လုပ်ရမည်မှာ တပ်တွင်းနှင့် ထိပ်ပိုင်းရာထူးများ မဟုတ် ဘဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ပင်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယင်းအပြင် စစ်ခေါင်းဆောင်က ၎င်းနှင့် သဘောထားကွဲသော စစ်ကောင်စီအဖွဲ့ဝင် အရပ်ဘက် နိုင်ငံရေးသမားတချို့နှင့် ဒုဗိုလ်ချုပ်ကြီးများအပါအဝင် အုပ်ချုပ်ရေး ထိပ်ပိုင်းများကိုလည်း လူပြောင်း၊ ခန့်အပ်၊ ဖြုတ်ပယ် စသဖြင့် အကြိမ်ကြိမ် ပြင် ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“စစ်မီးက တနိုင်ငံလုံးပျံ့နေတာ နားရတဲ့တပ်ဆိုတာ မရှိဘူး။ နောက်ပြီး ညှိကွပ်၊ ရေချုပ်၊ လေချုပ် အပါအဝင် ဗိုလ်ချုပ်ကြီးရာထူးကြီးဘဲ ၁၀ ယောက်ဆိုတာကြီးက တပ်မတော်အစဉ်အလာမှာ အရင်ကမရှိ ခဲ့ဘူး၊ လူတွေဖောင်းပွနေတဲ့ သဘောဖြစ်နေတယ်” ဟု CDM ဗိုလ်ကြီးဘုဏ်းသိုက်က ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်ကလည်း စစ်ခေါင်းဆောင်သည် ၎င်း၏ လူယုံတော်ဟု လူသိများသော ဒုဗိုလ်ချုပ်ကြီးများဖြစ်သည့် စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဘက်အတွင်းရေးမှူး ရဲဝင်း ဦးနှင့် စစ်ကောင်စီအဖွဲ့ဝင်၊ အကြံပေး ညိုစောတို့ကို ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးခဲ့သည်။
#စစ်ခေါင်းဆောင် #လူယုံတော်များ #တပ်ထိပ်ပိုင်းအပြောင်းအလဲ #ထပ်မံပြုလုပ်#ကျန်ရှိနယ်မြေများ #ထိန်းနိုင်ရန် ကြိုးစား #Ayeyarwaddy_Times