ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း နယ်စပ်ရှိ ဒေသခံများကို စစ်ကောင်စီတပ်က ယမန်နေ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က စတင်ကာ ကျေးရွာအချို့မှ ဒေသခံများကို နေရာပြောင်း‌‌ရွေ့ခိုင်းထားကြောင်း ဒေသခံများထံကသိရသည်။

ယမန်နေ့ ညနေပိုင်းက စတင်ကာပြောင်းရွေ့ခိုင်းပြီး ယနေ့ ဒီဇင်ဘာလ ၁၉ရက်နေ့ နောက်ဆုံးထားပြောင်းရွေ့ရမည်ဟု စစ်
ကောင်စီက ညွှန်ကြားထားကြောင်း ဒေသခံများကပြောသည်။

ဒေသခံများကို စတင်နေရာပြောင်းရွေ့ခိုင်းသည့် စစ်ကောင်စီတပ်သည် ဧရာဝတီတိုင်း၊ ရေကြည်မြို့အခြေစိုက် မြောက်စမ်းကျေးရွာရှိ (၃၄၄) အမြောက်တပ်ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“မနေ့ကညနေပိုင်း နောက်ဆုံးထားပြီး စစ်တပ်က ပြောင်းခိုင်းတယ်၊တော်တော်များများတော့ ပြောင်းနေကြပြီ၊ ဘုန်းကြီးကားတွေနဲ့လည်း ‌ရွေ့ပေးနေကြတယ်။ ညက အမြောက်
တပ်က ရမ်းသမ်း ပစ်ခတ်နေတဲ့အသံတွေကြားလိုက်ရတယ်” ဟု ငါးသိုင်းချောင်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ရေကြည်မြို့နယ်ရှိ ဆင်​သေကျေးရွာ၊ သက်ကယ်ပြင်ကျေးရွာ၊ ကုန်းမြင့်ကျေးရွာအပြင် ငါးသိုင်း​ချောင်းမြို့နယ်အတွင်းရှိကျေးရွာ​များတွင်လည်း စစ်ရှောင်ရန်အသင့်ပြင်ထားကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ရခိုင်နှင့် ဧရာဝတီတိုင်းအစပ် ​​ဗေဒါစစ်​ဆေး​ရေး ဂိတ်အနီးရှိ ၂၁ မိုင် ၂၂ မိုင်ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က နေရပ်စွန့်ခွာပြီး စစ်ရှောင်ခိုင်းထားကြောင်း ရခိုင်ဒေသခံများကပြောသည်။

“မ​နေ့ကဆို တောင်​ပေါ်က​နေ အထုပ်​တွေအပိုး​တွေနဲ့ဆင်းချလာကြတာ အများကြီးပဲ။ ကျွန်​တော်တို့လည်း အထုပ်ပြင်ထားရတယ်” ဟု ငါးသိုင်းချောင်းမြို့နယ်ရှိ ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။

ဂွမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့်အတွက် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ကျုံပျော်မြို့နယ်၊ သာပေါင်းစသည့် မြို့နယ်များမှ ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။

ဂွမြို့နယ်တိုက်ပွဲအတွင်း (Drop Bomb) ထိမှန်ကာ ပြင်းထန်သည့် ဒဏ်ရာများရရှိလာသော စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦးမှာလည်း ဒီဇင်ဘာလ ၁၄ ရက်နေ့က ပုသိမ်ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူထံကသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း ဒဏ်ရာများ ရရှိလာသည့် စစ်ကောင်စီတပ်သား နှစ်ဦးသည် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ဆေးရုံကြီးတွင် ဆေးကုသနေစဥ် သေဆုံးသွားကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

ထို့နောက် စစ်ကောင်စီသည် ဒီဇင်ဘာလအတွင်း ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှ စစ်ကား ၁၅ စီးအပြင် ငါးသိုင်းချောင်းမြို့နယ်ဘက်မှ စစ်ကူ စစ်ကားအစီး ၂၀ကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ရက်နေ့က ဂွရှိ တပ်ရင်း နှစ်ခုထံ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-​ဗေဒါစစ်ဆေးရေးဂိတ်အနီး ရခိုင်ပြည်နယ်အဝင်
#ရခိုင်နှင့် #ဧရာဝတီအစပ်ရှိ #ဒေသခံများ #စစ်ကောင်စီတပ်ကာ #စတင်ပြောင်း‌ရွှေ့ခိုင် #Ayeyarwaddy_Times