
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၁ ရက်
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ရပ်ကွက်အတွင်း ဧည့်စာရင်း လိုက်လံစစ်ဆေးစဉ် သံတုတ်ကိုင်၍ထွက်လာသူ အမျိုးသားတစ်ဦးကိုဖမ်း ဆီးစစ်ဆေးရာ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့ အမှတ် (၂) ရပ်ကွက်တွင် ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ ညပိုင်းက စစ်ကောင်စီ လက်အောက်ခံရဲနှင့် အုပ်ချုပ်ရေးအဖွဲ့များမှ ဧည့်စာရင်းလိုက်လံစစ်ဆေးနေစဉ် ရပ်ကွက် အတွင်း နေထိုင်သူ ကိုမိုးခမ်းဆိုသူက သံတုတ်ကိုင်ထွက်လာသဖြင့် ဖမ်းဆီးစစ်ဆေးစဉ် မူးယစ် ဆေးဝါးများနှင့် သုံးလက်စအပ်ပိုက်များကို တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ လုံခြုံရေး အဖွဲ့နှင့် နီးစပ်သူထံက သိရသည်။
“သူ့အိမ်ကို ဧည့်စာရင်းစစ်တော့ ခေါ်တဲ့အချိန်မှာ သူက သံတုတ်ကိုင်ပြီးထွက်လာတာ။ မသင်္ကာတာ နဲ့ဖမ်းပြီး အိမ်ကိုရှာတော့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရှာတွေ့တာ” ဟု အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ဝင်ရောက်ရှာဖွေရာတွင် ၎င်း၏နေအိမ်အတွင်းမှ စိတ်ကြွမူးယစ်ဆေးဝါး ၂၀၀ နီးပါးနှင့် သုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များကို သိမ်းဆည်းရမိကြောင်း သိရသည်။
လက်ရှိတွင် ကိုမိုးခမ်းဆိုသူကို ဒေးဒရဲမြို့မရဲစခန်းတွင် ဥပဒေအရ ဖမ်းဆီးအမှုဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
#ဧရာဝတီတိုင်း #ဒေးဒရဲ #ဧည့်စာရင်းစစ် #သံတုတ်ကိုင် #အမျိုးသား #မူးယစ်ဆေး #ဖမ်းဆီးခံရ
#Ayeyarwaddy_Times