ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ် တို့ရှိ စစ်ကောင်စီ တပ်စခန်း နှစ်ခု နှင့် ကံပေါက် ခလရ-၂၇၃ တပ်ရင်းတို့ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး စခန်းနှစ်ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်း၊ ကံပေါက် ဒေသရှိ ရေကန်တောင်တွင် တပ်စွဲထားသည့် အင်အား ၂၀ ဝန်းကျင်ရှိ စစ်ကောင်စီ၏ ဆက်သွယ်ရေးမိုက်ခရိုဝေ့(Microwave) တပ်စခန်းကုန်းကို တိုက်ခိုက်ခဲ့ရာ စခန်း သိမ်းပိုက် နိုင်ခဲ့ပြီး ဗိုလ်အဆင့်ရှိသူ အပါအဝင် တပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံးခဲ့ပြီး တစ်ဦး အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

စခန်းသိမ်းပိုက်နိုင်ပြီး နောက် ရေကန်တောင်စခန်းရှိ ဘားတိုက်၊ အဆောင်တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး MA-11 သုံး လက်၊ ကမစ ၅.၅၆ ကျည် (၅၇၈) တောင့်၊ ၆၀-မမ ကွန်မန်ဒို စိန်ပြောင်း တစ်လက်၊ ၆၀-မမ ဗုံးသီး ၁၁ လုံး၊ ၄၀-မမ ဗုံးသီး ၃၆ လုံး ၊ ရှေ့ထွက်မိုင်း သုံးလုံး နှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“စခန်းနှစ်ခုလုံးကိုတစ်နေ့ထဲတိုက်ခဲ့တာပေါ့နော် စခန်းနှစ်ခုလုံးက စစ်ကောင်စီနဲ့BGF ပေါင်းပြီးထိုင်တဲ့ စခန်းကုန်းတွေပါ။ စခန်းသိမ်းပြီးကျန်တဲ့အဖွဲ့တွေက ထွက်ပြေးတာများတယ်။ ကွမ်ကျိုက်တိုက်ပွဲမှာ ဆိုရင် ပြန်ထွက်ပြေးတာများတယ်။ အဲ့တာကြောင့်မို့ ပစ္စည်းရတာနည်းသွားတယ်။ ရေကန်တောင်မှာ တော့ သူတို့လဲထွက်ပြေးကြတယ် စစ်သုံ့ပန်းလဲ တစ်ယောက်ရတယ်” ဟု ဒေါနစစ်ကြောင်း၏ တပ်ရင်းမှူးဖြစ်သူ ရဲဘော်ရန်နိုင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့နောက် ကံပေါက်ဒေသအ‌ခြေစိုက် ခလရ-၂၇၃ တပ်ရင်း၏ ဗဟိုကင်းကိုလည်း ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေး ဦး သေဆုံးကြောင်း ဒေါနစစ်‌ကြောင်းထံက သိရသည်။

အဆိုပါနေ့တွင်ပင် ရေးမြို့နယ်၊ ရေး-မော်လမြိုင်ကားလမ်းပေါ်ရှိ ကွမ်ကျိုက် ကျေးရွာတွင် အင်အား ၅၀ ဝန်းကျင်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီစခန်းကို စခန်းသိမ်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် တစ်ဦးကျဆုံးခဲ့ပြီး သုံး ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ကွမ်ကျိုက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှလည်း ရေးအ‌ခြေစိုက် ခမရ-၅၈၇ တပ်ရင်း မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် တပ်သား လေးဦး သေဆုံးခဲ့ပြီး ခုနစ် ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများကို ဒေါနတပ်ရင်း၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး(DDPDF)၊ ရေဖြူ(ပကဖ)၊ သာဂရစစ်ကြောင်း၊ မွန်ပြည်တော်လှန်ရေး တပ်(MSRF)၊ မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)၊ ကရင်လွတ်မြောက်ရေး တပ်မတော်(KNLA)၊ YRF၊ ရေး (ပကဖ) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ဒေါနစစ်ကြောင်း
#ရေဖြူ #ရေး #စခန်းသိမ်းတိုက်ပွဲ #လက်နက်ခဲယမ်း #စစ်ကောင်စီသေဆုံး #စစ်သုံ့ပန်း #Ayeyarwaddy_Times