ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

ရခိုင်ပြည်နယ်၊ ဂွမြို့ရှိ နေရာအနှံ့အပြားကို အာရက္ခတပ်တော် (AA) ကထိန်းချုပ်ထားပြီး မြို့‌အခြေစိုက် ခမရ ၅၆၃ ကို သိမ်းပိုက်လိုက်ကြောင်း သိရသည်။

AA သည် ယနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက်ပိုင်းက ထိုးစစ်ဆင်တိုက်ခိုက်နေသည့် ခမရ ၅၆၃ တပ်ရင်းကို သိမ်းပိုက်လိုက်ပြီး ကျန်ရှိနေသည့် ခမရ ၅၆၂ ကို လည်း ပိတ်ဆို့ထိန်းချုပ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က ဂွမြို့ကို အဓိကစစ်ကူပို့နေသည့် စစ်ကောင်စီ၏ မြေပြင်ထောက်ပို့ လမ်းကြောင်းကို ပိတ်ဆို့ဖြတ်တောက်လိုက်ပြီးနောက် ယနေ့တွင် မြို့ကိုထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ခမရ ၅၆၃ အပါအဝင် ဂွမြို့ထဲက အလယ်ရွာ၊ ရဟိုင်းကွင်း၊ ကမ်းခြေဦး၊ တမန်ကုန်းရွာတွေဘက်ကို ဗုံးတွေကြဲနေတယ်။ ခမရ ၅၆၂ လည်း မကြာခင်ကျ တော့မှာ။ မြို့အရှေ့ဘက်က လမ်းပွင့်နေတော့ ကျသွားမှာပဲ”ဟု ဂွဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA က စစ်ကောင်စီ၏ အဓိကဂိတ်စခန်းများဖြစ်သည့် ဂွရိုးလမ်းပေါ်ရှိ ဒေါင်းချောင်းနှင့် ဗေဒါဂိတ်တို့ကို သိမ်းပိုက်ကာ ရိုးမတလျှောက် ထောက်ပို့လမ်းကြောင်းကို ပိတ်ဆို့ထားနိုင်ပြီး စစ်ကောင်စီသည် ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက်နေ့က ဂွရိုးမလမ်းပေါ်ရှိ ဒေါင်းချောင်း၊ ဗောဓီ၊ ဗေဒါရွာများဘက်သို့ တစ်နေ့ကုန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

AAလက်တွင်းသို့ ဂွမြို့ ကျရောက်သွားပါက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းထိ စစ်ရေး စိမ့်ဝင်လာမည်ဖြစ်သည့်အတွက် စစ်ကောင်စီသည် ဧရာဝတီတိုင်း အင်္ဂပူအခြေစိုက် အမြောက်တပ် အမတ ၃၄၄ ကို လုံ ခြုံရေးအင်အား တိုးမြှင့်ပြီး ရဟတ်ယာဉ်ရပ်နိုင်သည့် ကွင်းများပါ တည်ဆောက် နေကြောင်း သိရသည်။

စစ်ကောင်စီလက်လွှတ်လိုက်ရသည့် ဂွရိုးလမ်းပေါ်ရှိ ဒေါင်းချောင်းနှင့် ဗေဒါဂိတ်မှာ လက်နက်ကြီးများ တပ်ဆင်၍ အခိုင်အမာတပ်စွဲထားသည့် ဂိတ်ကြီးများဖြစ်ပြီး အဆိုပါဂိတ်နှစ်ခု ကျသွားပြီးနောက် စစ်ကောင်စီက ၎င်းတို့၏ထောက်ပို့လမ်းကြောင်း ပြန်လည်ရရှိစေရန် လေကြောင်းမှ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

#ရခိုင် #ဂွမြို့ #AA #ထိန်းချုပ် #ခမရ၅၆၃ #သိမ်းပိုက် #Ayeyarwaddy_Times