
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်တို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သည့်အတွက် ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီသည် သံတွဲမြို့ပေါ်သို့ ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ည ၁၁ နာရီခန့်က ဂျက်ဖိုက်တာနှစ် စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အမှတ် (၁) ရပ် ကွက်မှ ဒေါ်အုန်းမြင့် ၈၅ နှစ်၊ ဒေါ်တင်တင်ချို ၅၅ နှစ် နှင့် ဦးရဲအောင် ၆၃ နှစ်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လူအများအိပ်ချိန် ညသန်းခေါင်ယံ၌ AA သိမ်းပိုက်ထားသည့် သံတွဲမြို့ အမှတ် (၁) ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် စံပယ်လမ်းထိပ်၊ အမှတ် (၄) ရပ်ကွက် မြေစာရင်းရုံးတို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များပါ ပျက်စီးသွားကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိ နယ်မြေအများစုကို လက်လွှတ်လိုက်ရသည့် စစ်ကောင်စီက အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် နယ်မြေများအတွင်းသို့ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို အစဉ်တစိုက်ပြု လုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက် ညအချိန်တွင်လည်း စစ်တွေအခြေစိုက် ပါဒလိပ်တပ်ရင်းမှနေ၍ AA စိုးမိုးနယ် မြေဖြစ်သည့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် ခဲ့ကြောင်း သိရသည်။
လတ်တလောတွင် စစ်ရေးပြင်းထန်နေသည့် ဂွမြို့နေရာအများစုကို AA ကထိန်းချုပ်လိုက်သည့်အတွက် စစ်ကောင်စီက မြို့အနှံ့ဗုံးကြဲ၍ လေကြောင်းတိုက် ခိုက်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- APM
ပုံစာ- စစ်ကောင်စီဗုံးကြဲချတိုက်ခိုက်ခဲ့သည့် သံတွဲမြို့ပေါ်ရှိနေအိမ်အချို့
#ရခိုင် #သံတွဲ #စစ်ကောင်စီ #ဗုံးကြဲ #Ayeyarwaddy_Times