ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

အမ်းရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကြီးတစ်ခုလုံးကို အာရက္ခတပ်တော် (AA) ကထိန်း ချုပ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ယနေ့ ဒီဇင်ဘာ ၂၀ ရက်နေ့တွင် AA က သိမ်း ပိုက်လိုက်ပြီး ဒုတိုင်းမှူးဖြစ်သူ ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်း သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်သတင်းရင်းမြစ်ထံက သိရသည်။

“မနေ့ကထိကို နပခမှူးနဲ့ ဦးစီးတို့က လက်နက်မချသေးဘူး။ ဒီနေ့တော့ AA ဝင်စီးမိပြီး ထိန်းချုပ် လိုက်နိုင်ပြီ”ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA သည် ယမန်နေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းက အာဟာရ ပြတ်လပ်ချိနဲ့နေသည့် လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အမ်းနပခအတွင်းမှ ကယ်ထုတ်ခဲ့သည့် ရုပ်သံဖိုင် ထုတ်ပြန်ပြီးနောက် ယနေ့နံနက်ပိုင်းတွင် နပခကို သိမ်းဆည်းနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

နပခအတွင်းမှ အလံဖြူထောင်၍ လွတ်မြောက်လာ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပြောစကားအရဌာနချုပ်ရှိ စစ်ရုံးအတွင်း နပခကိုဦးစီးနေသည့် အရာရှိအချို့သာ ကျန်ရှိတော့ကြောင်းနှင့် ကျန်သူများမှာ သေဆုံးနှင့် လက်နက်ချအညံ့ခံသွားကြပြီဖြစ်ကြောင်း သိရသည်။

AA က အမ်းမြို့ကို ထိန်းချုပ်လိုက်ပြီး နပခတွင်လည်း စစ်ရုံးတစ်ခုသာ တိုက်ခိုက်ရန် ကျန်ရှိတော့ ချိန်တွင် စစ်ကောင်စီသည် လေကြောင်းမှနေ၍ နပခဝင်းအတွင်းသို့ ပေါင် ၁၀၀၀ ဗုံးများဖြင့် နေ့စဉ်လာရောက်ကြဲချခဲ့ကြောင်း သိရသည်။

ပုံစာ-အမ်းနပခ

#ရခိုင် #နပခ #AA #ထိန်းချုပ် #Ayeyarwaddy_Times