ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ရက်

ဗန်းမော်နှင့်မံစီရှိ စစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဝင်ရောက် တိုက်ခိုက် လျက်ရှိရာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ယနေ့ ဒီဇင်ဘာ ၂၀ရက်နေ့ နံနက် ၉နာရီအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီလေယာဥ်များ ဝဲလျက်ရှိကြောင်း ကချင်သတင်းရင်းမြစ်ထံက သိရသည်။

“ဗန်းမော် တက္ကသိုလ်တွေနား တိုက်ပွဲဖြစ်တယ်။ ထောက်ပို့လမ်းေကြာင်း ဖြတ်ခံရတော့ စစ်တပ်က တဖြည်းဖြည်း ဆုတ်ပေးနေရတာ ၂ မိုင်လေယာဥ်ကွင်းနား ထိတွေ့မှုပြင်းထန်တယ်” ဟု ကချင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ၏ မြေပြင်ထောက်ပို့လမ်းကြောင်းအချို့ ပိတ်ဆို့ခံလိုက်ရ၍ စစ်ကောင်စီသည် ယမန်နေ့ ဒီဇင်ဘာ ၁၉ရက်နေ့က Y-8 ရဟတ်ယာဥ်ဖြင့် ခဲယမ်း၊ လက်နက်များကို မံစီရှိ ခလရ ၃၁၉ နှင့် ခမရ ၆၀၁ အတွင်းချပေးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့က လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်းပြုလုပ်ခဲ့ပြီး ဗန်းမော်မြို့ ၃မိုင်နှင့် ၅မိုင်အကြားတွင် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့သည်။

KIA သည် ဗန်းမော်မြို့ ၄မိုင်ရှိ စစ်ကောင်စီတပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ မိုင်ရှိ လေယာဥ်ကွင်းအနီးတွင်လည်း တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ရက်နေ့က ၄ မိုင်ရှိ စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်အချို့ လက်နက်ချအညံ့ခံခဲ့ပြီး အသေဖမ်းဆီးရမိမှုများလည်းရှိကာ လက်နက်နှင့် ခဲယမ်းများကိုပါ KIAက သိမ်းဆီးရရှိခဲ့သည်။

ထို့ပြင် KIA သည် စစ်ကောင်စီ၏ မံစီရှိ ခလရ ၃၁၉၊ ခမရ ၆၀၁၊ လက်နက်ကြီးတပ် ၃၅၂၊ ဗန်းမော်မြို့အနီးရှိ ခလရ၄၇၊ စစရ ၆၄၁တို့ကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

#ဗန်းမော် #မံစီ #KIA #စစ်ကောင်စီ #တိုက်ပွဲဖြစ် #လက်နက်ချ #Ayeyarwaddy_Times