
ဧရာဝတီတိုင်းမ်
(ချင်း)၊ ဒီဇင်ဘာ ၂၀ ရက်
ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ချင်းညီနောင်စစ်ဆင်ရေးကို မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ ဖော်ဆောင်လျှက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ မိသားစုအပါအဝင် စုစုပေါင်း ၁၆၈ ဦးလက်နက်ချအညံ့ခံခဲ့ကြောင်းသိရသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များတပ်စွဲထားသော စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ လေးမိုင်ကုန်းနှင့် မင်းတပ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝန်းတို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့စုစုပေါင်း ၁၂၃ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များလည်း လက်နက်ချအညံ့ခံခဲ့ကြောင်းထုတ်ပြန်ထားသည်။
” လောလောဆယ်တော့ ဘယ်အဆင့်၊ အတန်းတွေပါဝင်သလဲဆိုတာ ပြောလို့ မရသေးဘူးခင်ဗျ။ စစ်တပ်အနေနဲ့ပေါ့နော်။ ရဲကတော့ ခရိုင်ရုံးဖြစ်တယ်ဆိုတော့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တွေပါဝင်တယ်လို့ ပြောလို့ရပါတယ်ခင်ဗျ။ လက်ရှိမင်းတပ်ကတော့ ခလရ ၂၇၄ တပ်ရင်းတခုပဲ ကျန်တော့တယ်။ ကျန်တဲ့ဟာတွေ အကုန်လုံးကိုတော့ ကျနော်တို့ သိမ်းပါပြီ။ ၂၇၄ ကိုလည်း တောက်လျှောက် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ စစ်သုံ့ပန်းတွေကိုတော့ ကောင်းကောင်းမွန်မွန်အသက်အန္တရာယ်ဘာမှ မဖြစ်ဘူး။ ထိုးကြိတ်နှိပ်စက်တာလည်းဘာမှ မရှိဘူး။ ကောင်းကောင်းမွန်မွန်အစာရေစာတွေ ကျွေးမွေး၊ ဆေးဝါးတွေကုသပေးပြီးမှ ဘေးကင်းရာ၊ လုံခြုံရာကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားရှိပါတယ်ခင်ဗျ” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောခွင့်ရ ဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
အလားတူ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနေရာယူထားသော ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ဆေးရုံကုန်းနေရာများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၄၅ ဦးလက်နက်ချအညံ့ခံခဲ့ကြောင်းထုတ်ပြန်ချက်အရ သိရသည်။
လက်နက်ချအညံ့ခံခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံရဲတပ်ဖွဲ့ဝင်များနှင့်အတူ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိထားကြောင်း ဓာတ်ပုံနှင့်အတူ ချင်းညီနောင်က ထုတ်ပြန်ထားပြီး မင်းတပ်မြို့နှင့် ဖလမ်းမြို့တို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်တိုက်ပွဲဖော်ဆောင်လျှက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ-ချင်းညီနောင်။
အညွှန်း- ဖလမ်းမြို့နှင့် မင်းတပ်မြို့တို့တွင် ချင်းညီနောင်က ဖမ်းဆီးထားသော စစ်သုံ့ပန်းနှင့် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများ။
#ချင်းညီနောင်စစ်ဆင်ရေး #ခရိုင်ရဲမှူး #မြို့နယ်ရဲမှူး #၁၆၀ကျော်လက်နက်ချ #လက်နက်ခဲယမ်းအများပြားသိမ်းဆည်းရမိ #Ayeyarwaddy_Times