ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

ဧရာ၀တီတိုင်းအတွင်းရှိ မြို့နယ်များတွင် ဒီဇင်ဘာ ၁၈ ရက်နေ့နောက်ပိုင်းမှစတင်၍ ညပိုင်းအပြင်ထွက်သည့် လူငယ်များကို စစ်ကောင်စီက အတင်းအဓမ္မဖမ်းဆီး ပေါ်တာဆွဲခံရသည့်နောက်ပိုင်း ညပိုင်းအပြင်ထွက်သူမရှိသလောက်နည်းသွားကြောင်း ဒေသခံများထံမှသိရှိရသည်။

ပုသိမ်၊ ဟင်္သာတ၊ ရေကြည် နှင့် ငါးသိုင်းချောင်းမြို့နယ်များတွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် ပြည်သူ့စစ်များမှ ညပိုင်းကင်းလှည့်ရာတွင် လူငယ်အချို့ကို မသင်္ကာဟု ဆိုကာ ဖမ်းဆီးမှုများဆက်တိုက်ပြုလုပ်လာသောကြောင့် အခြားမြို့နယ်များပါ ညဘက်တွင်အသွားအလာမရှိအောင် နည်းသွားကြောင်း သိရသည်။

“အရင်ဆို ဘီယာဆိုင်နဲ့ လမ်းတွေပေါ်မှာကြိတ်ကြိတ်တိုးပဲ။ သတင်းတွေထွက်လာတော့ ညရှစ်နာရီဆို မြို့ထဲမှာလူမရှိတော့ဘူး “ဟု ဟင်္သာတမြို့ခံတစ်ဦးမှပြောသည်။

တိုင်းအတွင်းရှိ ကျေးရွာများတွင်လည်း ညဘက် အပြင်ထွက်သူ မရှိသလောက်နည်းပါးသွားပြီး ကျေးရွာရှိအုပ်ချုပ်ရေးအဖွဲ့များကိုယ်တိုင်လူငယ်များကို ညဘက်တွင် ပေါ်တာဆွဲနိုင်ကြောင်း သတိပေးမှုများ ပြုလုပ်နေကြောင်းသိရှိရသည်။

“ညဘက်အလုပ်နောက်ကျရင်တောင် ကြောက်နေရတယ်။ သူတို့က စစ်ဆေးမယ်ဆိုပြီးကားပေါ်ဆွဲတင်ကြတာ။ ငွေလိုက်နိုင်
ရင်တော့ ပြန်ရတယ်၊ မဟုတ်ရင်စစ်ထဲထည့်ရော ခုက အပြင်ထွက်ဖို့နေနေသာသာ အိမ်ထဲမှာတောင်မလုံခြုံဘူး”ဟု ပုသိမ်မြို့ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကို ပြောသည်။

စစ်ကောင်စီမှ ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိတော့သည့်အတွက် ဧရာ၀တီတိုင်းအပါအ၀င် အခြားတိုင်းနှင့်ပြည်နယ် အချို့တွင် လူငယ်များကို အဓမ္မဖမ်းဆီးပြီး စစ်တပ်ထဲထည့်ကာ ရှေ့တန်းသို့ ပို့ဆောင်နေခြင်းဖြစ်သည်။

#ဧရာ၀တီတိုင်း #လူငယ်အချို့ပေါ်တာဆွဲခံရ #ညဘက်အပြင်ထွက်သူမရှိသလောက်ဖြစ်လာ #ပုသိမ် #ဟင်္သာတ #ရေကြည် #ငါးသိုင်းချောင်း #Ayeyarwaddy_Times