
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
မွန်ဒေသတွင် မွန်လူမျိုးအခြေပြု မွန်တော်လှန်ရေးတပ်များ စုပေါင်းပါဝင်သည့် မွန်တပ်တော် ပေါ်ပေါက်လာရေးအတွက် မွန်တော်လှန်ရေးတပ်ဖွဲ့လေးဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် တွေ့ဆုံဆွေးနွေး သဘောတူညီခဲ့ကြကြောင်း သိရသည်။
အစည်းအဝေးဆွေးနွေးပွဲမှ မွန်တော်လှန်ရေးတပ်ဖွဲ့များ အားလုံးပါဝင်သည့် မွန်တပ်တော် ပေါ်ပေါ် လာရေးအကောင် အထည်ဖော်ရန်သဘောတူညီကြပြီး ပထမဦးဆုံးအဆင့်အနေဖြင့် ပူးတွဲစစ်ရေး လှုပ်ရှားမှုများဖြင့် စတင်ရန် သဘောတူညီခဲ့ကြကြောင်းလည်း အဖွဲ့လေးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့ ပူးပေါင်းကြမည့် မွန်တပ်ဖွဲ့လေးဖွဲ့မှာ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်တော်လှန်ရေး တပ်(MSRF) တို့ဖြစ်ကြောင်း သိရသည်။
“တစ်ခုတည်းသော တပ်တော်တစ်ခုအဖြစ်ဖွဲ့စည်းဖို့ ရှိဆဲ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးကို ရုတ်သိမ်းပြီး တပ်ဖွဲ့တစ်ခုအဖြစ် ဖွဲ့စည်းဖို့ အချိန်နည်းနည်းယူရတယ်။ နောက်ပြီးတော့ သူ့ရဲ့ လုပ်ငန်းစဉ်ကလည်း အများကြီးရှိသေးတဲ့အတွက် အချိန်တော့နည်းနည်းကြာအုံးမယ်။ ခုလောလော ဆယ်မှာ အဲ့ဒီမွန်တပ်တော်တစ်ခုအဖြစ် ပေါင်းစည်းဖို့စီစဉ်နေတဲ့အချိန်မှာတပ်ပေါင်းစုအသွင်နဲ့ အခုလိုအပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဖြည့်ဆည်းသွားဖို့ ဆောင်ရွက်သွားဖို့ စီစဉ်ထားပါတယ် ခင်ဗျ” ဟု MSDF တပ်ဖွဲ့၏ တပ်မှူး ဒေါက်တာသီရိမွန်ချမ်း က ဧရာဝတီတိုင်းမ်ကို ပြောသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့ လေးခု အနေဖြင့် ယခုကဲ့သို့ပေါင်းစည်းရခြင်၏ အဓိကရည်ရွယ် ချက်တစ်ခုမှာ မွန်ဒေသရှိ မွန်တော်လှန်ရေးအင်အားစုများ စုပေါင်းကာ စုစုစည်းစည်းဖြင့် စစ်အာဏာရှင်ကို တစုတစည်းတည်း တိုက်ပွဲဝင်နိုင်ဖို့ရန် အတွက် ရည်ရွယ်ကာ ဆုံးဖြတ်ချက်ချခြင်းဖြစ်ကြောင်း NMSP(AD) ထံက သိရသည်။
မွန်ပြည်သူ ပြည်သားများကလည်း မွန်ကိုယ်စားပြု မွန်အမျိုးသားတပ်တော်တစ်ရပ် ပေါ်ထွန်းလာရန် မျှော်လင့်နေကြပြီး ယခုလို မွန်တပ်ဖွဲ့ လေး ဖွဲ့ မဟာဗျူဟာမြောက် ပူးပေါင်းနိုင်ရေးအတွက် တစ်နှစ် ဝန်းကျင် အချိန်ယူ ကြိုးစားခဲ့ကြရပြီး ယခု ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထိပ်သီးခေါင်းဆောင်များ ထပ်မံတွေ့ဆုံကာ ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“မွန်လူထုတွေရဲ့လိုအင်ဆန္ဒနဲ့တစ်ထပ်တည်းဖြစ်တယ်။ ကျွန်တော်တို့ကို ထောက်ပံ့နေကြတဲ့ ပြည်ပ ရောက် မွန်မျိုးချစ်တွေ အခြားတော်လှန်ရေးအင်အားစုတွေ ဒီကာလမှာတစုတစည်းတည်း တိုက်ပွဲဝင် နိုင်မှသာလျှင် စစ်ရေးအရသော် လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း ကျွန်တော်တို့ အားတခုအနေနဲ့ရန်သူကို ချေမှုန်းနိုင်မှာဖြစ်တဲ့အတွက် ဒါဟာအလွန်အရေးကြီးတဲ့ဆုံးဖြတ်ချက် တစ်ခုဖြစ်ပါတယ်” MNLA/NMSP(AD) ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပူးတွဲ စစ်ဆင်ရေးလုပ်ဆောင်မည့် စစ်ရေးအခြေအနေများနှင့်ပတ်သက်၍ ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုများ အပြီးသတ်လုပ်ဆောင်ပြီးပါက မွန်ပြည်နယ် နှင့် ဆက်စပ်တိုင်းဒေသကြီးများတွင် စစ်ဆင်ရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့ လေး ဖွဲ့ အနေဖြင့် တစ်ပေါင်းတစ်စည်းထဲ စစ်ရေးဖော်ဆောင်ဖူးခြင်း မရှိသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ ကဖြစ်ပွားခဲ့သည့် ရေးမြို့နယ်၊ ကွမ်ကျိုက်စခန်း သိမ်းတိုက်ပွဲတွင်မူ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်သစ်ပါတီ အာဏာရှင် တိုက်ဖျက်ရေး(NMSP-AD) တို့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – မွန်တော်လှန်ရေးတပ်ဖွဲ့များ(ပုံဟောင်း)
#မွန်ပြည်နယ် #မွန်တော်လှန်ရေးတပ်ဖွဲ့များ #မွန်တပ်တော် #တပ်ပေါင်းစု #Ayeyarwaddy_Times