နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်ရှုံးလာသည်နှင့်အမျှ နိုင်ငံတစ်ဝန်း ဓာတုပစ္စည်းအသုံးပြု တိုက်ခိုက်မှုများကို သက်သေနှင့်တကွ ဖော်ထုတ်နိုင်ခဲ့ပြီး စာရင်းပြုစုထားမှုအရ ၈ ကြိမ်ထိရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံက သိရသည်။

ထိုတိုက်ခိုက်မှုများအနက် ကရင်နီပြည်နယ်တွင် ပြီးခဲ့သော ရက်ပိုင်းက ကျူးလွန်မှုနှင့် ပတ်သက်၍ NUG နှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)တို့က ယနေ့ ဒီဇင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ဒီလိုမျိုး ဓာတုလက်နက်ကို အကြမ်းဖက်စစ်တပ် အသုံးပြုနေတယ်ဆိုတာ ကျွန်တော်တို့ သံသယ ရှိခဲ့တာ၊ လက္ခဏာတွေ တွေ့ခဲ့တာတော့ ကြာပါပြီ။ အဲဒါကို စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ ပါတယ်။ အခုဒီတစ်ခေါက်မှတော့ ဖော်ထုတ်နိုင်ခဲ့တယ်” ဟု NUG ကျန်းမာရေး၀န်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ (၄၂၂)တပ်ရင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့က မိုးဗြဲနှင့် အနီးပတ်ဝန်းကျင်သို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် S-PHOS 560 (အက်စ်ဖော့စ် ၅၆၀)တံဆိပ်ပါ အဆိပ်ငွေ့ပြားများ ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မီးခိုးအများအပြား ထွက်လာပြီး အဆိပ်ငွေ့ ရှုရှိက်မိသော ရဲဘော်များမှာ ခေါင်းမူးခြင်း ၊ အန်ချင်စိတ်ဖြစ်ခြင်း၊ အားပြတ်ခြင်း၊ အိပ်ချင်လာခြင်း၊ လေးလံထိုင်းမှိုင်းလာခြင်း၊ အသက်ရှုရ ခက်ခဲခြင်း၊ ဝမ်လျှောခြင်း စသည့်ဝေဒနာများ ခံစားခဲ့ရကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်မှု ရှစ် ခုကို မှတ်တမ်းတင်ထားပြီး ထိုအထဲမှ ခြောက် ခုကိုမူ ဒေသတွင်းရှိ လူပုဂ္ဂိလ် အဖွဲ့အစည်းများ၊ ခံစားသော ရဲဘော်များ၊ ဆေးဝန်ထမ်း များနှင့် သေချာမေးမြန်းထားကြောင်း NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။

စစ်ကောင်စီသည် အာဏာသိမ်းနောက် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှစတင်၍ ကရင်၊ ချင်း၊ စစ်ကိုင်း၊ ရှမ်းမြောက်၊ ကရင်နီ စသည့်ဒေသများတွင် လေယာဉ်၊ ဒရုန်းများဖြင့် ဓာတုလက်နက် အသုံးပြုတိုက် ခိုက်မှုများ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။

စစ်ရေးအရ အထိနာစေ၍ ထိန်းချုပ်နိုင်စွမ်းမရှိသည့် နယ်မြေဒေသများတွင် စစ်ကောင်စီက အဆိုပါ ဓာတုလက်နက်များဖြင့် တိုက်ခိုက်လေ့ရှိပြီး သာမန်အရပ်သား ပြည်သူများအပါအဝင် ဂေဟစနစ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်သည့် ဓာတုလက်နက်မျိုးလည်း ထုတ်သုံးလာနိုင်ကြောင်း CDM အရာရှိများက သုံးသပ်ထားသည်။

ဓာတ်ပုံ-KNDF
#စစ်ကောင်စီ #ဓာတုပစ္စည်းအသုံးပြု #တိုက်ခိုက်မှုများ #သက်သေနှင့်တကွ #ဖော်ထုတ် #NUG #Ayeyarwaddy_Times