ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် လိုအပ် လာပါက စစ်ဆရာဝန်များသည်လည်း ခြေလျင်စစ် သည်များနှင့်အတူ စစ်ဆင်ရေးတာဝန်ကိုပါ ထမ်းဆောင်ရမည်ဟု စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

ဒီဇင်ဘာ ၁၈ ရက်နေ့က မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)သင် တန်းဆင်းပွဲတွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများတွင် လိုအပ်လာပါက စစ်ဆရာဝန်များပါ ဝင်ရောက်တိုက်ခိုက်ပေးရန် လိုအပ်ပြီး စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ရမည်ဟု သင်တန်းဆင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ တပ်ရင်း၊တပ်ဖွဲ့များသည် တိုက်ပွဲအတွင်း ဖွဲ့စည်း ပုံပျက်၍ ကစဉ့်ကလျားထွက်ပြေး၊ သေဆုံးမှုများနှင့် အလံဖြူထောင်အညံ့ခံမှုတို့ကြောင့် တပ်တွင်း စိတ်ဓာတ်ပျက်ပြားကာ စစ်ခေါင်း ဆောင်ကိုယ်တိုင် သင်တန်းဆင်းဗိုလ်လောင်းများနှင့် တပ်ရင်းများသို့ သွားရောက်ကာ ယခုလိုစည်းရုံးပြော ဆိုနေရမှုများရှိကြောင်း သိရသည်။

“အရင်ကတည်းကတော့ ဆေးဗိုလ်တွေက ရှေ့တန်း ထွက်ရပါတယ်။ ဆေးတပ်စုမှူးအနေနဲ့။ ခုကတော့ တိုက်ပွဲဝင်ဖို့အတွက်ကိုပါ ဆေးတပ်ရင်းက ဆေးဗိုလ် တွေကို စစ်သင်တန်းပေးနေတာ အရင်လတွေကတည်းကပဲ။ ကပစတပ်၊ ထောက်ပို့တပ်တွေက အင်အားတွေအပြင် ဆေးတပ်ကအင်အားတွေပါ ထုတ်သုံးနေရတဲ့ သဘောပါ”ဟု တပ်သတင်းရင်းမြစ် က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကတည်းက စစ်ဆေးဗိုလ် DSMA အမှတ် ၂၄ သင်တန်း ဆင်းများကို တိုက်ပွဲဝင်နိုင်ရန် အထူးတပ်ခွဲမှူး(တိုက်ခိုက်ရေး)က မှော်ဘီတပ်ရင်းတွင် သင်တန်းပေးနေမှုများရှိကြောင်း သိရသည်။

စစ်ခေါင်းဆောင်က စစ်ဆရာဝန်များ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ရမည် ဟုဆိုထားသော်လည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ရခိုင် ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်း ပိတ်မိ နေသည့် စစ်ဆေးဗိုလ် ဆရာဝန်အယောက် ၃၀ ခန့် အာရက္ခတပ်တော် (AA) ထံ အလံဖြူထောင်လက်နက်ချခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-စစ်ကောင်စီ
ပုံစာ-တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၅)သင် တန်းဆင်းပွဲ
#စစ်ခေါင်းဆောင် #စစ်ဆေးဗိုလ် #တိုက်ပွဲ #စစ်ဆင်ရေးတာဝန် #ထမ်းဆောင်ခိုင်း #Ayeyarwaddy_Times