
ဧရာဝတီတိုင်းမ်
(ကရင်နီ)၊ ဒီဇင်ဘာ ၁၉ ရက်
ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ်စုဆောင်း ခံထားရသည့် တပ်ဖွဲ့ဝင် လေးဦး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ထံ အလင်းဝင် ရောက်ခဲ့ကြောင်း KNDF က ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
ကရင်နီ ရှေ့တန်းတစ်နေရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က တပ်သားသစ်စု ဆောင်းခံခဲ့ရပြီး ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံခဲ့ရသည့် တပ်ဖွဲ့ဝင် လေး ဦးမှာ MA-1 သေနတ် သုံး လက်နှင့်အတူ KNDF တပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
“အခုလိုမျိုး အတင်းအဓမ္မ စုဆောင်းခံရတဲ့ လူငယ်တွေကိုပြောချင်တာကတော့ ကျတော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက အမြဲတမ်းကြိုဆိုနေတယ်လို့ပြောချင်တယ်။ အတတ်နိုင်ဆုံးနည်းလမ်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုပူးပေါင်းပါ။ တော်လှန်ရေးတပ်ဖွဲ့တွေက အမြဲတမ်းကြိုဆိုနေပါတယ်လို့ ပြောချင်ပါတယ်” ဟု KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဘက်ပြောင်းချင်ပါက နီးစပ်ရာတော်လှန်ရေးတပ်ရင်း တပ်ဖွဲ့များထံ ဆက်သွယ်နိုင်ပြီး ဆက်သွယ်ရန် အလွယ်ကူဆုံးအဖြစ် KNDF တပ်ဖွဲ့၏ Facebook စာမျက်နှာ ကဆင့် ဆက်သွယ်နိုင်ပြီး အဆိုပါစာမျက်နှာတွင်လည်း ဆက်သွယ်ရန် ဖုန်းနံပါတ်များ ပါရှ်ိပြီး ၎င်းတိုးမှတစ်ဆင့် ဆက်သွယ်နိုင်ကြောင်းလည်း KNDF ထံက သိရသည်။
ကရင်နီတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည့် လွိုင်ကော်မြို့အနီးရှိ လင်ဖုံလေးကျေးရွာ တိုက်ပွဲတွင် စစ်သုံ့ပန်း ငါး ဦး ဖမ်းမိခဲ့ပြီး ၎င်းတို့ထဲမှ အချို့မှာ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် စုဆောင်းခြင်းခံခဲ့ရသူများဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – KNDF
#ကရင်နီ #စစ်ကောင်စီတပ်သားသစ် #အလင်းဝင် #စစ်မှုထမ်း #KNDF #Ayeyarwaddy_Times