
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာအုပ်စုရှိ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းတွင် ထားရှိထားသော သင်တန်းဆင်းတပ်သားသစ်များသည် ဒီဇင်ဘာလအတွင်းမှာပင် ရှေ့တန်းကိုပို့ဆောင်နေသည့်အတွက် နေ့စဥ် ထွက်ပြေးမှုများရှိနေကြောင်း သိရှိရသည်။
အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးကျောင်းနှင့်ကပ်လျှက်ရှိသော ရေနီအိုင်ကျေးရွာရှိ ဒေသခံများက အဆိုပါသင်တန်းကျောင်းမှ ထွက်ပြေးလာသူများကို နေ့စဥ်တွေ့မြင်နေရကြောင်း ပြောဆိုကြသည်။
“ညဆို ရွာထဲကခွေးတွေဟောင်တာတအားပဲ ၊ မနက်ဆို တပ်ထဲက ဘယ်နှစ်ယောက်တော့ပြေးပြန်ပြီဆိုသတင်းကြားရတော့တာပဲ။ ညတိုင်းနှစ်ယောက်ပြေးလိုက် လေးယောက်ပြေးလိုက်နဲ့ ဖြစ်နေတာ”ဟု ရွာခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၇ ရက်နေ့ညက ရှေ့တန်းသို့ ပို့ဆောင်မည့် ပြည်သူ့စစ်မှုထမ်း အပါတ်စဥ် ၆ သင်တန်းဆင်း ၄၀ဦး ထွက်ပြေးခဲ့ရာ ၁၆ ဦးသာ ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် တပ်သားသစ်အများစုမှာ သင်တန်းအတူတက်ခဲ့သူအချို့ ရှေ့တန်းတွင် သေဆုံးခြင်း၊ ရှေတန်းသို့အတင်းအကြပ်ပို့ဆောင်ကာ မိသားစုများဖြင့် ဆက်သွယ်ခွင့်မပေးသောကြောင့် ယခုကဲ့သို့ ထွက်ပြေးကြခြင်းဖြစ်နိုင်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။
ယခု ထွက်ပြေးသော စစ်ကောင်စီတပ်သားများသည် ပြည်သူ့စစ်မှုထမ်း သင်တန်း သုံးလတက်ရောက်ကာ နို၀င်ဘာနောက်ဆုံးပါတ်အတွင်း သင်တန်းဆင်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ အစပိုင်းမှစတင်ကာ ရှေ့တန်းစစ်မျက်နှာများသို့ အသုတ်ခွဲ၍ ပို့ဆောင်ခံနေရသူများဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။
#ပုသိမ်မြို့ #စစ်မှုထမ်းသင်တန်းဆင်းတပ်သားသစ်များ #ရှေ့တန်းပို့နေသောကြောင့် #အမှတ်၆စစ်အခြေခံလေ့ကျင့်ရေးတပ် #Ayeyarwaddy_Times