ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်တွင် ကုန်ပစ္စည်း တင်သွင်းခွင့် စစ်ကောင်စီတပ်က ပြီးခဲ့သည့် နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကန့်သတ်ထားကြောင်း ဒေသခံများထံက သိရှိရသည်။

အဆိုပါ ကန့်သတ်ထားမှုကြောင့် ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်တွင် ကုန်ပစ္စည်း ရှားပါးပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ကုန်စျေးနှုန်း ပိုမိုမြင့်တက်နေခြင်း ဖြစ်သည်။

“ဒီဘက်မှာ အရင်ကတည်းက လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာကြောင့် ကုန်စျေးနှုန်းက တခြားမြို့တွေထက် တက်တယ်။ အခု ကုန်ပစ္စည်းတွေ တင်သွင်းခွင့် ကန့်သတ်ထားလို့ ဒီဘက်မှာ ကုန်ပစ္စည်းတွေ မရောက်လာနိုင်တော့ဘူး။ အဲတော့ ကုန်စျေးနှုန်းက ပိုတက်သွားတယ်” ဟု ကန်ပက်လက်မြို့နယ် ဒေသခံတစ်ဥိးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ် တောင်ပိုင်းမြို့နယ်ရှိ ဒေသခံများသည် ကုန်ပစ္စည်းများကို မကွေးတိုင်း၊ ဆော၊ ချောက်၊ ဂန့်ဂေါ စသည့်မြို့နယ်များမှ အဓိက ဝယ်ယူတင်သွင်းနေရသည်။

ယခုအခါ စစ်ကောင်စီတပ်က ဆော၊ ချောက်၊ ဂန့်ဂေါ စသည့်မြို့နယ်များမှ ချင်းပြည်နယ်တောင်ပိုင်းသို့ တင်ပို့မည့် ကုန်ပစ္စည်းများကို ကန့်သတ်ထားခြင်းဖြစ်သည်။

“ကိုယ့်မိသားစု စားဝတ်နေရေးအတွက်လောက်က သယ်လို့ရတယ်။ လုံးဝ ကန့်သတ်လိုက်တာမျိုး မဟုတ်ဘူး။ ပြန်ရောင်းချဖို့အတွက် ဝယ်ယူတာတွေက မပေးဘူး။ စစ်ကောင်စီဂိတ်တွေမှာ အရမ်းစစ်ဆေးခံရတယ်။ ရစ်လည်းရစ်တယ်” ဟု မတူပီမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် စသည့်မြို့နယ်တို့သည် မကွေးတိုင်းဘက်မှ ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းကြပြီး မိမိမြို့နယ်တွင် ပြန်လည်ရောင်းချခြင်းများလည်း ဆောင်ရွက်နေကြသည်။

လက်ရှိဆောမြို့တွင် ဓာတ်ဆီ တစ်လီတာ လျှင် ၅,၀၀၀ ကျပ်သာရှိသော်လည်း ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များတွင် ဓာတ်ဆီ တစ်လီတာလျှင် ၁၄,၀၀၀ ကျပ်ဝန်းကျင်ရှိကြောင်း သိရှိရသည်။

ချင်းပြည်နယ်မြောက်ပိုင်း မြို့နယ်များတွင်လည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ကုန်ပစ္စည်းတင်သွင်းခွင့်ကို ပြီးခဲ့သည့် သြဂုတ် ၂၀ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ကန့်သတ်ထားပြီး ယနေ့ထိ ဖြေလျော့မှုမရှိသေးကြောင့် သိရသည်။

ပုံစာ – ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့ကို တွေ့ရစဥ်။(ပုံအဟောင်း)

#ချင်းပြည်နယ် #တောင်ပိုင်းမြို့နယ်များ #ကုန်ပစ္စည်းတင်သွင်းခွင့် #စစ်ကောင်စီတပ် #ကန့်သတ်ထား #Ayeyarwaddy_Times