ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြိုတွင် စစ်ကောင်စီတပ်နှင့်ရဲ၊ ပြည်သူ့စစ်များမှ ညပိုင်းကင်းလှည့်ရာတွင် လူငယ်အချို့ကို မသင်္ကာဟု ဆိုကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာကြောင်းသတင်းရရှိသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့မှစ၍ နှစ်ရက်ဆက်တိုက် ညပိုင်းအလုပ်ပြန်နောက်ကျသည့် လူငယ် ကိုး ဦးထိဖမ်းဆီးခံရပြီး ရဲကားဖြင့်တင်ဆောင်သွားသည်ကို မြင်တွေ့ရကြောင်း မြို့ခံများမှပြောသည်။

“မသင်္ကာဘူးဆိုပြီးဖမ်းတာ ကြားတာတော့ လယ်တီကွင်းရပ်ကွက်က ခုနှစ်ယောက်နဲ့ညောင်ပင်ရပ်ကွက်က နှစ်ယောက်လို့ ပြောတယ်။ မိဘတွေကတော့ စခန်းမှာ လိုက်ထုတ်နေတယ်။ ရမရတော့မသိသေးဘူး”ဟု မြို့ခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဟင်္သတမြို့ပေါ်နှင့်ကျေးရွာများတွင်လည်း ညဘက်တွင် အပြင်ထွက်သူ မရှိသလောက်ဖြစ်နေပြီး စစ်ကောင်စီမှ ပေါ်တာဆွဲနိုင်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယခုဖမ်းဆီးခံရသောလူငယ်များသည်လည်း အတင်းအဓမ္မဖမ်းဆီး၍ စစ်မှုထမ်းရန် ခေါ်ဆောင်ခံရခြင်းဖြစ်နိုင်ကြောင်း ဒေသခံများမှ သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီက ရှေ့တန်းစစ်မျက်နှာပြင်သို့ ပို့ဆောင်ရန် တပ်ဖွဲ့ဝင်အင်အားလုံလောက်မှုမရှိသည့်အတွက် တိုင်းနှင့်ပြည်နယ်အချို့တွင် လူငယ်များကို အဓမ္မဝင်ရောက် ဖမ်းဆီးမှုများပိုမိုလုပ်ဆောင်လာကြောင်း သိရှိရသည်။

#ဟင်္သာတမြို့ #လူငယ်များကို #ဖမ်းဆီးမှုများပြုလုပ်နေ #စစ်မှုထမ်း #ဧရာဝတီတိုင်း #Ayeyarwaddy_Times