ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၉ ရက်

ထိုင်းနိုင်ငံ၊ စာမွတ်ဆာခွန်ခရိုင်၊ အုန်းနွဲ့၊ အုန်းယိုင်နယ်မြေရှိ သံစက်ရုံတစ်ခုတွင် နှစ်နှစ် အလုပ်ဗီဇာသက်တမ်းတိုးစရိတ် လျှော့ချပေးရန် တောင်းဆိုသည့် မြန်မာအလုပ်သမားများကို ထိုင်းအာဏာပိုင်များက ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများထံက သိရသည်။

အဆိုပါ သံစက်ရုံရှိ မြန်မာအလုပ်သမား ၃၀၀ ကျော်မှာ ယနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌နံနက်ပိုင်း လုပ်ငန်းခွင်မဝင်မီ အချိန်တွင် သက်တမ်းတိုးစရိတ်ကြီးမြင့်သည့်အတွက် ဈေးနှုန်း လျော့ချပေးရန် စုပေါင်းတောင်းဆိုခဲ့ရာ စက်ရုံတာဝန်ရှိသူများက ထိုင်းရဲ နှင့် လုံခြုံရေးများ ခေါ်ဆောင်ပြီး အလုပ်သမားများကို ရိုက်နှက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“အလုပ်ရှင်က ရဲတွေ၊ တာဝန်ရှိသူတွေကို ပိုင်တယ်ဆိုတဲ့သဘော၊ အဲ့တာနဲ့ ခုလိုဖမ်းခိုင်းတာ။အဓိကပြောချင်တာက ဈေးနှုန်းအဆမတန် ကောက်ခံထားလို့ တောင်းဆိုတာက ဒီလိုမျိုး ရိုက်နှက်ဖမ်းဆီးတာက အလုပ်သမား အခွင့်အရေးအရရော လူ့အခွင့်ရေးအရရော အင်မတန် ရုပ်ဆိုးလွန်းတယ်။ ဒီလိုလုပ်တာက ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကိုလည်း ကျ‌‌ဆင်းစေတယ်” ဟု အေအေစီ ကိုရဲမင်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုသို့ ဖမ်းဆီးရာတွင် ဦးဆောင်ခဲ့သည့် အလုပ်သမား ခေါင်းဆောင်များကို ရိုက်နှက်ကာ လက်ထိတ်ခတ် ဖမ်းဆီးခြင်းဖြစ်ပြီး ယခုအခါ နှစ်ဖက် ညှိနှိုင်းဆွေးနွေးသည့် အခြေအနေတွင် ရှိနေကြောင်းလည်း သိရသည်။

နှစ်နှစ် ဗီဇာသက်တမ်းတိုးစရိတ်ကို စက်ရုံမှ ဘတ်ငွေ ၁၀၀၀၀ တောင်းခဲ့ခြင်းဖြစ်ပြီး မူရင်းကုန်ကျစရိတ်ထက် နှစ်ဆဝန်းကျင် ဈေးများ နေသည့်အတွက် အလုပ်သမားများက ဈေးလျာ့ပေးရန် တောင်းဆိုကြခြင်းဖြစ်သည်။

ယခုအခါ ထိုင်းနိုင်ငံတဝန်းရှိ စက်ရုံများမှ မြန်မာအလုပ်သမားများမှာ နှစ်နှစ်ဗီဇာသက်တမ်းတိုးစရိတ်များပြားသည့်အတွက် ဈေးနှုန်းညှိနှိုင်းရန် စု‌ပေါင်းတောင်းဆိုမှုများပြုလုပ်ခဲ့ကြပြီး အများစုမှာ အောင်မြင်မှုများ ရရှိခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း ထိုင်းစက်ရုံ သုံးရုံရှိ မြန်မာအလုပ်သမား ထောင် ကျော်မှာ သက်တမ်းတိုးစရိတ်ဈေးနှုန်းလျော့ချ ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ညှိနှိုင်းအောင်မြင်ခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – ထိုင်းအာဏာပိုင်များက အလုပ်သမား ခေါင်းဆောင်များအား ဖမ်းဆီးနေပုံ
#စက်ရုံ #မြန်မာအလုပ်သမား #ဗီဇာကြေး #ညှိနှိုင်းတောင်းဆို #ထိုင်းအာဏာပိုင်များ #Ayeyarwaddy_Times