
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တိုက်ပွဲအတွင်း ဒရော့ဗုံး (Drop Bomb) ထိမှန်ကာ ပြင်းထန်သည့် ဒဏ်ရာများရရှိလာသော စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးတစ်ဦး ဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင် သေဆုံး သွားကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူထံကသိရသည်။
ဒဏ်ရာရရှိလာသည့် စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီးကိုဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ရှိ “အာယုပါလ လူမှုကူညီရေး” အဖွဲ့မှ သွားရောက်ခေါ်ယူခဲ့ပြီး ငါးသိုင်းချောင်းမြို့မှတဆင့် ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်စဥ် လမ်းတွင် သေဆုံးခဲ့ခြင်းဖြစ် ကြောင်း တပ်တွင်းသတင်းရင်းမြစ်ကဆိုသည်။
ထိုသို့ ဒရော့ဗုံးထိမှန်ကာ ဒဏ်ရာရရှိလာသော ဒုဗိုလ်မှူးကြီး သည် ပုသိမ်မြို့သို့ မရောက်မီ ဒီဇင်ဘာ ၁၄ ရက်နေ့ ညပိုင်းက လမ်းတွင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်နှင့် နီးစပ်သူထံက သိရသည်။
“လာခေါ်ပြီး ဆေးရုံပို့လိုက်လို့ ပြောတော့ ငါးသိုင်းချောင်းက လူမှုကူညီရေးအဖွဲ့တွေ သွားခေါ်ကြတယ်။ ဂွကနေ ပုသိမ်ဆေးရုံကြီးအပို့ ဒဏ်ရာလည်း အတော်ပြင်းထန်တော့ ပုသိမ်မြို့ကို ရောက်ခါနီးလေးမှာပဲ ဆုံးသွားတာလို့ ကျွန်တော်တို့ သိရတယ်”ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တိုက်ပွဲအတွင်း ဒဏ်ရာများ ရရှိလာသည့် စစ်ကောင်စီတပ်သား နှစ်ဦးသည် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ဆေးရုံကြီးတွင် ဆေးကုသနေစဥ် သေဆုံးသွားကြောင်း တပ်တွင်း သတင်း ရင်းမြစ်က ဆိုသည်။
စစ်ကောင်စီသည် ဒီဇင်ဘာလ ၇ ရက်နေ့က ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှ စစ်ကား ၁၅ စီးအပြင် ငါးသိုင်းချောင်းမြို့နယ်ဘက်မှ စစ်ကူ စစ်ကားအစီး ၂၀ကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ရက်နေ့က ဂွရှိ တပ်ရင်း နှစ်ခုထံ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ဂွမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး အရက္ခတပ်တော် AA က ဂွမြို့ အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၆၃ကို AA က ဝင်ရောက်တိုက်ခိုက်နေပြီး ကျန်ရှိသည့် ခမရ ၅၆၂ကိုလည်း ပိတ်ဆို့ထားပြီဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ-၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ အမ်းမြို့နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ၏ မြေပြင်အခြေအနေ
#ဂွမြို့တိုက်ပွဲ #ဒရော့ဗုံးထိမှန် #ဒဏ်ရာရ #စစ်ကောင်စီတပ်ဗိုလ်မှူး #ပုသိမ်ဆေးရုံပို့ဆောင် #လမ်းတွင်သေဆုံး #Ayeyarwaddy_Times