ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

စစ်တိုင်းဌာနများ ဆုံးရှုံးနေသည့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာကွယ်ရေး ဝန်ကြီးနေရာကို အပြောင်း အလဲပြုလုပ်ခဲ့သည်။

လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို ကာကွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေး ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊ လေ)ကို ခန့်အပ်လိုက် ကြောင်း ယနေ့ ဒီဇင်ဘာ ၁၈ ရက် ညပိုင်းတွင် စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

ကာကွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားခံလိုက်ရသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယမန်နှစ် ၂၀၂၃ ဩဂုတ် ၃ ရက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသူဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးမဖြစ်ခင်က ရေတပ်ကာကွယ်ရေး ဦးစီးချုပ်၊ ထိုမှတစ်ဆင့် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဗိုလ်ချုပ်ကြီးတင်အောင်စန်း စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၀၂၇ စစ်ဆင်ရေးဖြစ် ပေါ်ကာ ရှမ်းမြောက်ရှိနယ်‌မြေများ ဆုံးရှုံးခဲ့ရသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ငါး မြို့နယ်သာ ကျန်ရှိကာ အမ်း နှင့် ဂွ နှစ်မြို့နယ်မှာလည်း လက်လွှတ်ရမည့် အခြေအနေတွင်ရှိသည့်အတွက် ရာထူးမှဖယ်ရှားခံရခြင်း ဖြစ်ကြောင်း တပ်တွင်း၌ပြောဆိုမှုများရှိနေသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်တို့မှာ ပိတ်ဆို့စောင့်ကြည့်ခံနေရပြီး ဂွနှင့် အမ်းတို့မှာလည်း AA လက်အောက် ရောက်လုနီးပါးဖြစ်နေကြောင်း သိရသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီးတင်အောင်စန်းကို အရန်အင်အားဖြစ်သည့် ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ထားရှိကာ အသစ်ဝင်ရောက်လာသည့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးမှာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)မှနေ၍ ကာကွယ်ရေးဝန်ကြီးဖြစ်လာခြင်း ဖြစ်သည်။

၎င်းသည် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ- ၆) လက်အောက်ခံ နေပြည်တော် တိုင်းစစ်ဌာန ချုပ် တိုင်းမှူးအဖြစ်မှ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်လာပြီး စစ်တပ် အာဏာသိမ်းပြီး နောက် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)ရာထူး မှတဆင့် ကာကွယ်ရေးဝန်ကြီးအဖြစ် ထပ်မံခန့်အပ် ခံရခြင်းဖြစ်သည်။

စစ်ခေါင်းဆောင်က နိုင်ငံအနှံ့ ဖြစ်ပွားနေသည့်တိုက်ပွဲများတွင် နယ်မြေများဆုံးရှုံးကာ စစ်အင်အားနှင့် လက်နက်ခဲယမ်းမှာလည်း ဖြည့်တင်း၍မမီနိုင်အောင်ပင် ဖြစ်ပွားနေသဖြင့် ယခုလိုပြောင်းလဲခန့်အပ်ခြင်း ဖြစ်နိုင်ကြောင်း စစ်ကောင်စီတပ်တွင်းတွင် ပြောဆိုဝေဖန်မှုများရှိနေသည်။

ပုံစာ- စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဖြစ်လာသူ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးရာထူးမှ ဖယ်ရှားခြင်းခံရသူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊

#စစ်ကောင်စီ #ဗိုလ်ချုပ်ကြီးများ #တင်အောင်စန်း #မောင်မောင်အေး #ရာထူးပြောင်းလဲ #ခန့်အပ် #Ayeyarwadd_Times