
ဧရာဝတီတိုင်းမ်
(ကနီ)၊ ဒီဇင်ဘာ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကျောက်လှေကားကျေးရွာနှင့် နတ်ကြီးကျေးရွာတို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့ ညက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိန်းကလေးငယ်နှစ်ဦး နှင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ငါး ဦးသေဆုံးခဲ့ပြီး ကိုး ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျောက်လှေကားရွာကို ညအချိန်တွင် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် ကျောက်လှေကားရွာမှ မောင်ဇင်ကိုချစ်(၁၁) နှစ်၊ မဇင်မြတ်နိုး(၁၄) နှစ်၊ မရွှေဇင်ဝင်း(၁၉) နှစ်)၊ ဒေါ်ပြုံး(၄၅) နှစ်၊ ကိုကျော်နိုင်လင်း(၃၀) နှစ်တို့ သေဆုံးခဲ့ရကြောင်း သိရသည်။
“ကနီမြို့နယ်အတွင်းမှာ စစ်တပ်ဘက်က စစ်ကြောင်းထိုးတာလဲမရှိဘဲနဲ့ ဒါမျိုးလေယာဉ်နဲ့ပဲ ဗုံးလျှောက် ကြဲသွားတာပါ” ဟုKLG PDF(ကျောက်လုံးကြီး) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ကျောက်လှေကားရွာကို လေကြောင်းတိုက်ခိုက်ပြီးနောက် နတ်ကြီးရွာကိုလည်း ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံများထိခိုက်မှု မရှိသော်လည်း နေအိမ်ပျက်စီးမှုများ ရှိကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူများတွင် အသက်မပြည့်သေးသည့် ကလေးငယ် သုံး ဦးပါဝင်ကာ ကလေးများသည် ကြားကာလပညာရေး၊ ပြည်သူ့အခြေပြုကျောင်းတွင် Grade-6၊ 7၊ 12 အသီးသီးတွင် ပညာသင်ကြားနေသူများဖြစ်ကြောင်းသိရသည်။
ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ကလည်း စစ်ကောင်စီတပ်၏ ထိုသို့ လူမဆန်စွာ လေကြောင်းတိုက်ခိုက်မှုကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းထားသည့် သုံးနှစ်တာကာလအတွင်း ပြီးခဲ့သည့် ဩဂုတ်လအထိ စာရင်းများအရ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် အရပ်သားပေါင်း ၆၈၇ ဦး သေဆုံးခဲ့ပြီး ၄၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဉာဏ်လင်းသစ် သုတေသနအဖွဲ့အစည်း အစီရင်ခံစာ အရသိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်
ဓာတ်ပုံအပြည့်အစုံကို တယ်လီဂရမ်ချန်နယ်မှာဝင်ရောက်ကြည်ရှုနိုင်ပါသည်>>>https://t.me/ayeyarwaddytimes/33924?single
#ကနီ #လေကြောင်းတိုက်ခိုက် #စစ်ကောင်စီ #ကလေးငယ်သေဆုံး #အမျိုးသမီး #Ayeyarwaddy_Times