ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)မှ ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် မိသားစုဝင်များ အလံဖြူထောင်၍ ထပ်မံလက်နက်ချခဲ့သည့် ရုပ်သံမှတ် တမ်းကို ယမန်နေ့ ဒီဇင်ဘာ ၁၇ရက်နေ့တွင် အာရက္ခတပ်တော် (AA) က ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ ညပိုင်းတွင် AA က ထုတ်ပြန်သည့် နပခ ဌာနချုပ်၏ ပကတိအခြေအနေ ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာမက အမျိုး သမီးနှင့် ကလေးတချို့ပါ အလံဖြူထောင်ပြီး AA က ခေါ်ထုတ်လာသည်ကိုတွေ့ရသည်။

ထို့အပြင် နပခအတွင်း အဆောက်အဦးအချို့ မီးစွဲလောင်နေသည်ကိုလည်း AA က ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင်တွေ့ရသည်။

အမ်းမြို့တစ်ခုလုံးကို AAကထိန်းချုပ်ထားသည့်အပြင် ကွက်ကွက်လေးသာ ကျန်ခဲ့သည့် နပခမှာလည်း အနီးကပ်တိုက် ခိုက်ခံနေရကာ နေ့စဉ် အလံဖြူထောင်လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေကြောင်း AA က ရုပ်သံမှတ်တမ်းများနှင့်တကွ ထုတ်ပြလာသည်။

ကွပ်ကဲဦးစီးမည့် စစ်ဗိုလ်ချုပ်များကိုယ်တိုင်က နပခ အ တွင်းမှ ထွက်ပြေးနေကြပြီး စစ်ကောင်စီတပ် အရာရှိအချို့နှင့်တပ်ဖွဲ့ဝင်များမှာမြေအောက် ဘန်ကာများတွင် စုဝေး ပိတ်မိနေကာ ပြန်လည် ခုခံမှုများလည်း ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် လေကြောင်းမှ လက်နက်၊ခဲယမ်းပို့ခြင်းနှင့် ဗုံးကြဲမှုများကိုလည်း နေ့စဉ်နီးပါး ပြုလုပ်လျက်ရှိသည်။

ဒဏ်ရာရရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ရာနှင့်ချီ၍ AAထံ အလံဖြူထောင်လက်နက်ချလျက်ရှိသည့်အပြင် တပ်မိသားစုဝင်များပါ ပါဝင်လာသည့်အတွက် အမ်း နပခအနေဖြင့် ကြာရှည်ခုခံနိုင်မည်မဟုတ်တော့ကြောင်း စစ်ရေးစောင့်ကြည့်နေသူများက ဆိုသည်။

AAသည် နပခအတွင်း ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်များနှင့် လက်ရှိတွင် တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့မှ စစ်ကောင်စီတပ်ဖွဲ့များ၊ စောင့်ကြည့်ခံနေရသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရည်ရွယ်၍ “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့ နှင့် စောစော တွေ့ဆုံရလိမ့်မယ်” ဟု AA က ၎င်းတို့ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းမှတစ်ဆင့် သတင်းစကားပါးထားသည်။

#အမ်း #နပခ #စစ်ကောင်စီ #တပ်မိသားစု #အလံဖြူထောင် #Ayeyarwaddy_Times