နိုင်း/ဧရာဝတီတိုင်းမ်
(ကရင်)၊ သြဂုတ်လ ၁၉ရက်

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ထိုင်း – မြန်မာနယ်စပ်ဒေသရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်များမှ ကုန်းကြောင်းနှင့် လေကြောင်းများဖြင့် ထိုးစစ်ဆင်နေမှုများကြောင့် စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူ နှစ်သောင်းကျော်မှာ နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများထံမှသိရသည်။

စစ်ကောင်စီတပ်များမှာ ၂၀၂၁ ဒီဇင်ဘာလမှစတင်ပြီး လေးကေ့ကော်မြို့သစ်အတွင်းဝင်ရောက် ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး သေဘော့ပိုးရွာ၊ ဖလူးလေး၊ ဖလူးကြီး၊ ရသေ့ဂူ၊ ကျောက်ခတ် အစရှိသောဒေသများသို့ ထိုးစစ်ဆင်မှုများလုပ်ဆောင်နေသည့်အတွက် ဒေသခံပြည်သူ ၂ သောင်းကျော်မှာ စစ်ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရခြင်းဖြစ်ပြီး ယနေ့အချိန်အထိ နေရပ်မပြန်နိုင်သေးကြောင်း စစ်ဘေးရှောင်အရေးကူ​ညီပေးနေသူများထံမှ သိရသည်။

“လက်ရှိစစ်ဘေးရှောင်နေရတဲ့ရွာက ၂၀ လောက်ရှိတယ်၊ သောင်းရင်းမြစ်တစ်လျှောက်ပေါ့၊ လူတွေကတော့၂၀၀၀၀ကျော်ရှိပီး၊ စစ်ဘေးရှောင်ဦးရေကများတော့ ရိက္ခာထောက်ပံ့တာတွေရှိပေမဲ့ခက်ခဲတယ်၊ တချို့ဆိုတောထဲတောင်ထဲဖြစ်သလိုရှာစားနေရတာတွေရှိတယ်” ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ဘေးရှောင်စခန်းများသို့ ထောက်ပံကူညီရေးပစ္စည်းများ သွားရောက်ပို့ဆောင်ရန် လမ်းခရီးခက်ခဲကြောင်း အရေးပေါ်ဆေးဝါးကုသရန်လည်း ဆေးဝါးလုံလောက်မှုမရှိကြောင်း စစ်ဘေးရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စစ်ဘေး‌ရှောင်စခန်းတွေက ကလေးတွေကို စုပီးပညာသင်ပေးတာတော့ရှိတယ်၊ စာရရုံလောက်ပဲ။ အဲ့ဒီမှာရှိတဲ့ အတန်းကြီးတဲ့ ကလေးတွေကပဲ အငယ်တွေကိုပြန်သင်ပေးနေတာ။ ကျန်းမာရေးပိုင်းမှာကတော့ ခုလိုချိန်မှာကလမ်းပမ်းဆက်သွယ်ရေးခက်တယ်၊ အဲ့တာ‌ကြောင့် အရေးပေါ်ကုသမှုအပိုင်းမှာတော့ ဆေးဝါးမလုံလောက်တာတွေ လိုအပ်တာချက်ခြင်းမရနိုင်တာတွေတော့ရှိတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

လက်ရှိတွင် စစ်ဘေးရှောင်စခန်းများအတွက် ဆေးဝါးထောက်ပံ့မှုများကို ကရင့်ကျန်းမာရေးဌာနမှ အဓိကထောက်ပံ့မှုပြုလုပ်ပေး​နေကြောင်း သိရှိရသည်။
လက်ရှိတွင် ကရင်အမျိုးသားအစည်းရုံး ကေအန်ယူ အုပ်ချုပ်နယ်မြေတွင် စစ်ဘေးရှောင်ဦးရေ သုံးသိန်းကျော်အထိရှိလာပီး တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း စစ်ဘေးရှောင် ၉၀၀၀၀ ကျော်အထိရှိလာသည်ဟု KNU ၏ ထုတ်ပြန်ချက်များအရ သိရသည်။