စစ်ရေးပြအခမ်းအနားတစ်ခုတွင် မြင်တွေ့ရသည့် ကပစထုတ်လက်နက်ကြီးတင်ယာဥ်တစ်စီး

ဟိန်းစံ/ဧရာဝတီတိုင်းမ်
(ဆိပ်ဖြူ)၊ သြဂုတ်လ ၁၉ ရက်
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ် ၊ ကဇွန်းမတိုက်နယ်၊ ရှောက်ပင်အင်းရွာအခြေစိုက် အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ ၂၁) တပ်က လက်နက်ထုတ်လုပ်ရေးစက်ရုံ ၁ ရုံ သြဂုတ်လ ၁၄ ရက် ည ၉ နာရီဝန်းကျင်မှာ ပေါက်ကွဲမှုတခုဖြစ်ပွားခဲ့တယ်လို့ ကပစ ၂၁ တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောပါတယ်။
ကပစ ၂၁ တပ်ရဲ့ လက်နက်တပ်ဆင်ရေးအလုပ်ရုံအမှတ် 107 (Assembly) ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ဘက်သတင်းရင်းမြစ်တွေက PDF ဘက်ကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်တာလို့ပြောဆိုပေမယ့် ဧရာဝတီတိုင်းမ်အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဲ့ဒီပေါက်ကွဲမှုဟာ တပ်တွင်းဖရဲသီးတွေနဲ့ပူးပေါင်းလုပ်ကိုင်တယ်လို့ နေပြည်တော်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးကသတ်မှတ်ကာ ဒု-ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ် ဗိုလ်ချုပ် မျိုးအောင် လာရောက်စစ်ဆေးနေတယ်လို့ ကပစတပ်အသိုင်းအဝိုင်းကပြောပါတယ်။
” ဖြစ်တာက​တော့ တနင်္ဂနွေနေ့ညက။ တပ်ဆင်ရေး Assembly ရုံမှာ ပေါက်ကွဲမှုဖြစ်တာ၊ထုတ်လုပ်ရေးရုံတော့မဟုတ်ဘူး။ ပေါက်ကွဲပြီးမီးလောင်လို့ လူထိခိုက်မှုတွေရှိတယ်လို့လည်းသိရတယ်။အသေးစိတ်တော့မသိဘူး ခုက ညဘက်တွေပါအဆိုင်းခွဲပြီးဆင်းနေတော့ ညဆိုင်းဆင်းတဲ့ သူတွေ ထိတယ်လို့လည်းသိရတယ်။ တပ်အချင်းချင်းကို သတင်းဖုံးထားတယ်။ အဲ့ဒီဖြစ်စဥ်ကြောင့် ဒုထုတ်ချုပ်ကိုယ်တိုင်ရောက်နေတယ် ” လို့ ကပစ ၂၁ တပ်နဲ့နီးစပ်တဲ့ ကပစတပ်တွင်းသတင်းရင်းမြစ် တဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ကပစ ၂၁ တပ် စက်ရုံမှူး ဟာ ဗိုလ်မှူးကြီး ညီညီလတ် ဆိုသူဖြစ်ပြီး လက်ရှိမှာ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ စစ်ကောင်စီတပ်အကြီးတန်း အရာရှိတွေနဲ့အောက်ခြေစစ်သားတချို့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ အစစ်ဆေးခံနေရတယ်လို့သိရပါတယ်။
” ဒီဖြစ်စဥ်မှာ စုံခုံမိတဲ့သူတွေရှိတယ်။နောက်ပြီး ပူးပြီးလုပ်တဲ့ ဖရဲသီးရှိတယ်လို့ သူတို့ယူဆပြီး တပ်တွင်းထဲကလူတွေကိုစစ်ဆေးနေတယ်။ ဒုထုတ်ချုပ်ကိုယ်တိုင်ဆင်းလာပြီး စစ်နေတာ။ အဲ့ဒီဖြစ်တဲ့ အလုပ်ရုံက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့တခြားသံသယရှိတဲ့သူတွေကိုစစ်နေတယ်” လို့ ကပစတပ်တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုဟာ ဘာကြောင့်ဖြစ်ပွားတယ်ဆိုတာနဲ့ ဖြစ်စဥ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ထိခိုက်မှုနဲ့ စစ်ကောင်စီတပ်က ဘယ်သူတွေစုံခုံဖွဲ့ပြီးဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတာကို ဆက်လက်စုံစမ်းဖော်ပြပေးသွားပါမယ်။
စစ်ဘက်သတင်းရင်းမြစ်တွေဘက်က PDF တွေဒရုန်းနဲ့တိုက်ခိုက်တာလို့ ပြောဆိုပေမယ့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တစုံတရာထုတ်ပြန်ထားတာမျိုးမတွေ့ရသေးပါဘူး။