ဧရာဝတီတိုင်းမ်
သြဂုတ်လ ၁၉ ရက်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဘက်သို့ စစ်ကြောင်းထ်ိုးလာသည့် စစ်ကောင်စီတပ်သား ၇၀ ဝန်းကျင်သည် လမ်းခုလပ်တွင် ကြားဖြတ်တိုက်ခိုက်ခံရကာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၁၀ အထက် ဒဏ်ရာရရှိသွားကြောင်း YPDF ထံကသိရသည်။

အဆိုပါ စစ်ကောင်စီအင်အား ၇၀ ဝန်ကျင်းကို ယမန်နေ့ သြဂုတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ အိမ်သစ်ကျေးရွာအနီးမှာ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ၊ KKG ၊ နဂါးညီနောင်အဖွဲ့ ၁ ပ.က.ဖ နှင့် Gangaw PDF အဖွဲ့တို့ပူးပေါင်းကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု YPDFက ဆိုသည်။

တိုက်ပွဲတွင် နေ့လည် ၁၂ နာရီ ၃၀ မိနစ် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ထိ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး ရှေ့ပြေးကင်းထောက် တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို YPDF ရဲဘော်များမှ လက်ဦးမှု ရယူတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း YPDF ကပြောသည်။

YPDF ရဲဘော်များမှ လက်နက်ကောက်ယူရန် သွားရောက်စဉ် စစ်ကောင်စီတပ်ဘက်မှ စက်သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်မှုကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရပြီးနောက် အခြားမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး လက်နက်ငယ်များဖြင့် တန်ပြန်ပစ်ခတ်မှုများကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း YPDF ထံသိရသည်။

ထို့ပြင် စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်မှုကြောင့်နွားကျောင်းသားတစ်ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ဝါးခုတ်သွားသည့် ခေါက်ခူရွာမှ သားအဖနှစ်ဦးကိုလည်း ဖမ်းဆီးသွားကြောင်း YPDF ကပြောသည်။

ထို တိုက်ပွဲအပြီးတွင် လက်နက်ခဲယမ်းများနဲ့အတူ ထွက်ပြေးလာသည့် ရဲတပ်သားတစ်ဦးကိုလည်း အရှင်ဖမ်းဆီးရမိကာ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိပြီး လိုအပ်သော စစ်ဆေးမေးမြန်းမှု ပြုလုပ်နေပြီး မိမိတို့မဟာမိတ် ပူးပေါင်းတပ်ဖွဲ့မှလည်း ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရကြောင်း YPDF ထံကသိရသည်။