ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

ရန်ကုန်မြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်တည်ထောင်မှု ၁၁၅ နှစ်ပြည့်အခမ်းအနားတက်ရောက်လာသည့် တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဌ ဦးအိုက်ထွန်းနှင့် လုပ်ငန်းရှင် ၂၅၀ ကျော်သည် သီလဝါအထူးစီးပွားရေးဇုန်ကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်နေ့က သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

တရုတ်ကုန်သည်များ သီလဝါထူးစီးပွားရေးဇုန်ကို သွားရောက်လေ့လာရာ၌ အထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု၊ အထူးစီးပွားရေးဇုန် ဥပဒေအရခံစားခွင့်များ၊ လုပ်ငန်းဆိုင်ရာအခွင့် အလမ်းများနှင့် One Stop Service ဝန်ဆောင်မှုများဖြင့် ဆောင်ရွက်ပေးနေသည့်အကြောင်းကို အထူးစီးပွားရေးဇုန် တာဝန်ရှိသူများက ရှင်းပြခဲ့ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ကုမ္ပဏီလုပ်ငန်း ၁၁၇ ခု ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကာ ပြည်တွင်း၊ပြည်ပရင်းနှီးမြှပ်နှံမှုလုပ်ငန်းအသစ်များကိုထပ်မံခွင့်ပြုပေးနေကြောင်း သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီထံက သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်ကိုသွားရောက်လေ့လာခဲ့သည့် တရုတ်ကုန်သည်များက ညပိုင်းတွင် တရုတ်ကုန်သည်များအသင်းချုပ်တည်ထောင်ခြင်း ၁၁၅ နှစ်ပြည့်အထိမ်းအမှတ်ညစာစားပွဲ တက်ရောက်ခဲ့ပြီး အဆိုပါအခမ်းအနားသို့ စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးညိုစောနှင့် စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးများပါ တက်ရောက်ခဲ့သည်။

တရုတ်ကုန်သည်များအသင်းချုပ်ဥက္ကဋ္ဌဦးအိုင်ထွန်းက “ကုန်သည်များအသင်းချုပ်သည် ( တရုတ်) ဇာတိနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းကို ဆက်လက် ထောက်ခံအားပေးပြီး တရုတ်-မြန်မာနှစ်နိုင်ငံနယ်ပယ်အသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမယ် ” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၁ဝ၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားပြီး နှစ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သွင်းကုန်/ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရှိကြောင်း စစ်ကောင်စီထံက သိရသည်။

လက်ရှိတွင်မြန်မာ- တရုတ်နယ်စပ်ဂိတ်အချို့ပိတ်ဆို့ထားသည့်အပြင့် စစ်ကောင်စီ၏ ပြည်ပသွင်းကုန် တင်သွင်းမှု ကန့်သတ်ချက်ကြောင့် လူသုံးကုန်ပစ္စည်းအပါအဝင် ကုန်ပစ္စည်းများရှားပါးဈေးမြင့်တက် လျက်ရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူများထံကသိရသည်။

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်ကို ၁၉၀၉ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ – တရုတ်သံရုံး
#မြန်မာတရုတ်ကုန်သည်များအသင်းချုပ် #တည်ထောင်မှု၁၁၅နှစ် #တရုတ်ရင်းနှီးမြှုပ်နှံမှု #Ayeyarwaddy_Times