ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

လာမယ့်နှစ် အာဆီယံဉက္ကဌအနေနဲ့ မလေးရှားနိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ ထိရောက်မှုကို ဆန်း စစ်လေ့လာမယ်လို့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟတ်ဆန်က ပြောပါတယ်။

ဒါမှသာ ဘုံသဘောတူညီချက် (၅) ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ကာ ယခင် ချို့ယွင်းချက်တွေကို ကျော်ဖြတ်နိုင်မယ်လို့ သူက ဆိုပါတယ်။

“ကျွန်တော်တို့ အရင်ဆုံး အတတ်နိုင်ဆုံး ကြိုးစားပြီး မြန်မာ့အရေးမှာ ဘုံသဘောတူညီချက်ကို ဘယ်လို အသုံးချနိုင်သလဲဆိုတာ ကြည့်ရပါမယ်” လို့ ၎င်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းနဲ့ တောင်တရုတ်ပင်လယ်အရေး အပါအဝင် ဒေသတွင်း လုံခြုံရေးရာကိစ္စရပ်တွေကို ဖြေရှင်းရာမှာ အာဆီယံအဖွဲ့ဟာ စည်းလုံးညီညွတ်ရမယ်လို့ မို ဟာမက်ဟတ်ဆန်က ဆက်ပြောပါတယ်။

“မြန်မာ့အရေးမှာ အာဆီယံရဲ့အသံအဖြစ် အာဆီယံယန္တယားကို ကျွန်တော်တို့ အသုံးပြုပါတယ်။ တောင်တရုတ်ပင်လယ်အရေးမှာလည်း ကျွန်တော်တို့အုပ်စုမကွဲအောင် အာဆီယံယန္တယားကို အသုံးပြုဖို့ လိုအပ်ပါတယ်” လို့ ၎င်းက ထောက်ပြပါတယ်။

မလေးရှားနိုင်ငံဟာ လာမယ့်နှစ်မှာ အာဆီယံ အလှည့်ကျဉက္ကဌအဖြစ် တာဝန်ယူမှာဖြစ်ပြီး ၁၉၇၇၊ ၁၉၉၇၊ ၂၀၀၅ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ အလှည့်ကျဉက္ကဌအဖြစ် တာဝန်ထမ်းဆောင်ဖူးပါတယ်။

ကိုးကား – Bernama
Ref; Asean to scrutinise Five-Point Consensus for Myanmar humanitarian crisis, says Tok Mat

#Ayeyarwaddy_Times