
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဒီဇင်ဘာ ၁၈ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုမကြာခဏ ပြုလုပ်နေ ခြင်းကြောင့် လူစုလူဝေးပြုလုပ်ခြင်းနှင့် ရိုးရာပွဲလမ်းသဘင်ကျင်းပခြင်းများ လုံးဝမပြုလုပ် ကြရန် မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ထုတ်ပြန်သည်။
လက်ရှိတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက မင်းတပ်မြို့သိမ်း တိုက်ပွဲ ဖော်ဆောင်နေပြီး စစ်ကောင်စီက လေကြောင်းမှနေ၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်လျက် ရှိကြောင်းသိရသည်။
“အဲ့ဒီထုတ်ပြန်ချက်ကတော့ ဒီလိုကာလ အထူးသဖြင့် ကောက်ရိတ်သိမ်းပွဲတော်တို့ ခရစ္စမတ်ပွဲတော်တို့ လူစုလူဝေးပြုလုပ်တဲ့အခါကျရင် ဒီပေါ်မှာ မြို့သိမ်းတိုက်ပွဲဖော်ဆောင်တာနဲ့အမျှ လေကြောင်း တိုက်ခိုက်မှုတွေ တောက်လျှောက်ရှိနေတဲ့အတွက်ကြောင့်ပါ။ လူစုလူဝေးမှာ တကယ်အစုအပြုံလိုက် သေဆုံးမှုတွေ ဖြစ်မှာစိုးလို့ ကြိုတင်သတိပေးကန့်သတ်ထားတဲ့ သဘောပါခင်ဗျ” ဟု မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြောခွင့်ရဆလိုင်းယောမာန်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့၊ နံနက် ၁ နာရီမှ ၄ နာရီကျော်အထိ မင်းတပ်မြို့တွင် လေကြောင်း တိုက်ခိုက်မှုများပြုလုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်မှုမရှိကြောင်းသိရသည်။
မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်၏ တပ်စခန်းအများစုကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးများအပါအဝင် လေကြောင်းဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရသည်။
ပုံစာ-မင်းတပ်မြို့။
#မင်းတပ် #လေကြောင်းတိုက်ခိုက်မှုများ #ရိုးရာပွဲလမ်းသဘင်များ #ကျင်းပပြုလုပ်ခြင်းမပြုရန် #ထုတ်ပြန် #Ayeyarwaddy_Times