ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသောလေအေးများ တွေ့ဆုံမှုအပါအဝင် ဘင်္ဂလား ပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းကြောင့် လာမည့် ရက်ပိုင်း အတွင်းမိုးကြီးမည်ဖြစ်ကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာ ၂၀ မှ ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ)က ထုတ်ပြန်သည်။

ထိုသို့ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းတို့ဖြစ်ပေါ်နိုင်ကြောင်း မိုး/ဇလ ကအသိပေးထားသည်။

ယင်းပြင် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များသတိပြုနိုင်ရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုရန် ထုတ်ပြန်ထားသည်။

အဆိုပါ လေပွေလှိုင်း /မုန်တိုင်းငယ်များ မကြာခဏဖြစ်ပေါ်နိုင်ခြေရှိနေဆဲဖြစ်ပြီး ဆောင်းသီးနှံများ အတွက်လည်း အဖျက်မိုးအဖြစ်ကြုံတွေ့နိုင်ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ထုတ်ပြန်သည်။

ယင်းအရှေ့ လေပွေလှိုင်း/မုန်တိုင်းငယ်သက်ရောက်မှုကြောင့် အချိန်ခါမဟုတ်မိုးရွာနိုင်မည့် အခြေအနေ များသည် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ဖေဖေါ်ဝါရီနှင့် မတ်လအထိသတိပြုရန်လိုအပ်ကြောင်း MOHADM က အသိပေးထားသည်။

ဓာတ်ပုံ – မိုး/ဇလ
#မိုးရွာနိုင် #မိုးကြီးမည် #လေနွေးနှင့်လေအေးများ #Ayeyarwaddy_Times