ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ စစ်ဆေးရုံဖြစ်သော မဆရ(၄)သို့ ပြီးခဲ့သည့်ဒီဇင်ဘာ ၁၄ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့တိုက်ပွဲတွင်ဒဏ်ရာရရှိခဲ့သော စစ်ကောင်စီတပ်သား ၃၀ကျော်ကိုလာရောက်ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သားများမှာ ပုသိမ်မြို့အခြေစိုက် ထပရ(၄၂၄)တပ်မှဖြစ်ပြီး ရခိုင်ပြည်နယ် ဂွမြို့ တိုက်ပွဲများတွင် ဒဏ်ရာရရှိခဲ့သူများဖြစ်ကြောင်း သိရှိရသည်။

“ထောက်ပို့တပ်က ရှေ့တန်းလိုက်သွားတာ AAနဲ့ တိုက်ပွဲမှာထိကုန်တာလို့ပြောတယ် ။၁၄ရက်နေ့ ညဘက်ကြီး မဆရ(၄)ဆေးရုံကို အရေးပေါ်ပို့လာတာ ဆေးရုံမှာပြည့်ကြပ်နေတာပဲ”ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဆေးရုံတက်ရောက်နေသည့် စစ်ကောင်စီတပ်သားများအနက် ဒဏ်ရာပြင်းထန်သူနှစ်ဦး သေဆုံးခဲ့သည့်အတွက် ဒီဇင်ဘာ ၁၅ ရက်နေ့က ရွှေမြင်တင် ကျေးရွာမီးသဂြိုဟ်စက်တွင် ပို့ဆောင်သဂြိုဟ်ခဲ့ရကြောင်းသိရှိရသည်။

ရခိုင်ပြည်နယ်ဂွမြို့တွင် စစ်ကောင်စီနှင့် ရခိုင့်တပ်တော်တို့ ဖြစ်ပွါးသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များအထိနာနေပြီး ဒီဇင်ဘာ ၈ ရက်နေ့ကလည်း တိုက်ပွဲအတွင်းမှ ဒဏ်ရာရရှိလာသည့် အရာရှိနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကိုငါးသိုင်းချောင်းမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

#အနောက်တောင်တိုင်းစစ်ဌာနချုပ် #တပ်ဆေးရုံ #ဂွတိုက်ပွဲ #ဒဏ်ရာရစစ်ကောင်စီတပ်သား #Ayeyarwaddy_Times