ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်

ရခိုင်ပြည်နယ်တစ်ခုလုံး အာရက္ခတပ်တော်(AA) ၏ လက်အောက်သို့ ရောက်လုနီးပါးအခြေအနေတွင် တိုက်ပွဲမရှိသေးသည့် စစ်တွေမြို့တွင် စစ်ကောင်စီက အထူးခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ယခု ဒီဇင်ဘာ ဒုတိယပတ်မှစ၍ စစ်တွေရှိ တပ်ရင်းများကို စစ်ကောင်စီက အင်အားတိုးချဲ့ချထားပြီး လုံခြုံရေးဂိတ်များကိုလည်း ဘန်ကာများဖြင့် အခိုင်အမာပြုလုပ်နေကြောင်း သိရသည်။

“အထူးစီမံချက်ဆိုပြီး မြို့တွင်း ကင်းလှည့်တာ ညတိုင်းလှည့်တယ်။ မနေ့ညက လက်နက်ကြီးတွေ ရမ်းသန်းပစ်တယ်” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြေပြင်ထောက်ပို့လမ်းကြောင်းမှာ AAက ပိတ်ဆို့ထားသည့်အတွက် ရေကြောင်းနှင့် လေကြောင်းကို အသုံးပြုကာ စစ်ကူပို့ခြင်းနှင့် လက်နက်၊ခဲယမ်းဖြည့်တင်းခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် စစ်တွေမြို့နယ်အတွင်းရှိ ရွာပေါင်း ဒါဇင်ကျော်မှ ဒေသခံများကို စစ်တွေမြို့အတွင်း အဓမ္မ ရွှေ့ပြောင်းခိုင်းပြီး ကာကင်းစခန်းများတည်ဆောက်ထားကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဒီဇင်ဘာ ၁၇ရက် ည ၁၁နာရီ ၃၀မိနစ်ကလည်း AA သိမ်းပိုက်ထားသည့် ပုဏ္ဏားကျွန်းမြို့နယ် ပဒေသာကျေးရွာကို စစ်တွေတပ်ရင်းမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။

စစ်တွေ ပါဒလိတ် ခမရ-၃၄၄မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်တွေကြံတော ကျေးရွာမှ စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးသုံးဦး ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီက စစ်တွေမြို့အတွင်းလုံခြုံရေးတိုးချဲ့ခြင်းအပြင် ကမ်းနားတစ်လျှောက်ကိုပါ ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်က ခြံစည်းရိုးများပါခတ်ပြီး အထူးခံစစ်ကိုပြင်ဆင်နေကြောင်း သိရသည်။

ထို့အပြင် သံဖရာသီးလမ်းဆုံ၊ ရှုခင်းသာလမ်းဆုံ၊ ဆတ်ရိုးကျတံတားထိပ်နှင့် ရွှေပြည်သာလမ်း တစ်လျှောက် အမှတ် (၁၂) တပ်ရင်းထိ လုံခြုံရေးဂိတ်များ ချထားကြောင်း သိရသည်။

#စစ်တွေ #အထူးခံစစ် #စစ်ကောင်စီ #ပြင်ဆင် #Ayeyarwaddy_Times