
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် အသက်မပြည့်သေးသူတစ်ဦးကို စစ်မှူထမ်းရန်ဟုဆိုကာ နေအိမ်ပေါ်အထိတက်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်သားများက အတင်းအဓမ္မခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ကျုံပျော်မြိုနယ်၊သောင်ကြီးကျေးရွာတွင်အသက် ၁၅ နှစ်ကျော်ခန့်သာရှိသေးသည့် လူငယ်တစ်ဦးကို နေအိမ်ပေါ်အထိတက်ကာ စစ်မှူထမ်းရန် အတင်းအဓမ္မခေါ်ဆောင်ခံရပြီး မိဘများက ငွေကျပ် သိန်း ၁၀၀ ပေး၍ ပြန်လည်ရွေးယူရသည်ဟု မိသားစုနှင့်နီးစပ်သူများကပြောသည်။
“ညအချိန်မဟုတ်ဘူး ၊ နေ့ဘက်ကြီးဆွဲတာ။ လက်နက်ရှိတယ်ဆိုပြီးအနိုင်ကျင့်တာ ၊လူစိတ်မရှိကြတော့ဘူး ။ အသက်မပြည့်
သေးပါဘူးပြောတာလဲမရဘူး။ ငွေပေးမှလွှတ်ပေးတယ် ရှိလို့မဟုတ်ဘူး။ ရှာဖွေပေးလိုက်ကြရတာ” ဟု ဆွေမျိုးနီးစပ်တော်သူတစ်ဦးကပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းက သောင်ကြီးကျေးရွာသို့ရောက်ရှိလာသည့် စစ်ကောင်စီလက်အောက်ခံ စစ်သား ခုနှစ်ဦးခန့်က နေအိမ်ပေါ်တွင်ရှိနေသူကို စစ်မှုထမ်းဆွဲခေါ်ခံရခြင်းဖြစ်သည်ဟု အိမ်နီးချင်းများကပြောသည်။
သောင်ကြီးကျေးရွာမှထွက်လာသောစစ်သားများသည် သစ်ကုန်းကျေးရွာအနီးလမ်းမဘေးတွင် မူးနေသော အရက်သမားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သစ်ကုန်းကျေးရွာမှ ဈေးသည်အချို့ကပြောသည်။
“သောင်ကြီးကလွှတ်ပေးလိုက်တဲ့ကောင်လေးအစား အရက်သမားကို စစ်မှုထမ်းဖို့ပို့ရမယ်လို့ သူတို့ချင်းပြောနေတာကြားတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းတွင် စစ်မှုထမ်းဆောင်ရန်အတွက် ကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှုးများကို ဖိအားပေးကာ လစဉ် လူတောင်ခံနေပြီး ညအချိန် အပြင်ထွက်သူများကို အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးကာ စစ်မှုထမ်းရန် စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခံနေရသည်ဟု ဒေသခံများကပြောသည်။
ဓာတ်ပုံ- ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၇) သင်တန်းသားများ
#အသက်မပြည့်သေးသူကို #စစ်မှုထမ်းရန် #အိမ်ပေါ်တက်ဖမ်းဆီး #ဧရာဝတီတိုင်း #ကျုံပျော် #Ayeyarwaddy_Times