
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၈ရက်
ဂွမြို့အတွင်းအခြေစိုက်တပ်ရင်းများကို အာရက္ခတပ်တော် AAက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကူ ပို့သည့် ငါးသိုင်းချောင်းနှင့် ဂွလမ်းပိုင်းကိုလည်း ဖြတ်တောက်တိုက်ခိုက်ထားနိုင်ကြောင်း သိရသည်။
စစ်ကောင်စီသည် ဂွ- ငသိုင်းချောင်းလမ်းကို အဓိကအသုံးပြုကာ ဧရာဝတီတိုင်းတပ်ရင်းများမှ စစ်ကူ များကို ဂွသို့ပို့ဆောင်နေပြီး ဂွမှ ဒဏ်ရာရတပ်ဖွဲ့ဝင်များကိုလည်း ငသိုင်းချောင်းဘက်ကို ပြန်လည် ခေါ်ဆောင်မှုများလုပ်ဆောင်လျက်ရှိရာ ယမန်နေ့ ဒီဇင်ဘာ ၁၇ရက်နေ့ နေ့လယ်ပိုင်းက ဂွ- ငသိုင်းချောင်းလမ်းပိုင်းကိုဖြတ်၍ စစ်ကူပို့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AAတို့သည် ဒေါင်းချောင်း ဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
AA၏ ထိုးစစ်မှာ ဂွမြို့တွင်းသို့ရောက်ရှိလာပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ရက်နေ့က ဂွမြို့မရဲစခန်းမှနေ၍ စစ်ကောင်စီလက် အောက်ခံရဲများ ထွက်ပြေးသွားသည့်အတွက် ဂွမြိုရဲစခန်းကို AA က သိမ်းလိုက်နိုင်ကြောင်း သိရသည်။
“ရဲစခန်းထဲက စစ်တပ်လည်း ထွက်ပြေးသွားပြီ။ ရဲတွေလည်းပြေးကြပြီမို့ ရဲစခန်းကို AA က ဒီနေ့မှာ သိမ်းလိုက်ပြီလို့ သိရတယ်။ တမာန်ကုန်းနဲ့ သိမ်ကုန်းဘက်လည်း တိုက်ပွဲတွေဖြစ်နေတယ်” ဟု ဂွဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ကမ်းခြေရပ်ကွက်နှင့် လေယာဉ်ကွင်းဟောင်းအနီးတွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အလယ်ရွာ၊ မြို့မရပ်ကွက်နှင့် ကမ်းခြေရပ်ကွက်တို့မှ အိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ဂွမြို့အခြေစိုက် ခမရ ၅၆၂နှင့် ခမရ ၅၆၃တပ်ရင်းများအပြင် လေယာဉ်ကွင်းဟောင်း၊ ရခိုင်ရိုးမပေါ်စွမ်းထက်ထမင်းဆိုင်ရှေ့၊ ဗေဒါဂိတ်များတွင် လက်နက်ကြီးများ တပ်ဆင်ထားကြောင်း သိရသည်။
လက်ရှိတွင် ခမရ ၅၆၂နှင့် ခမရ ၅၆၃တပ်ရင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ စခန်းစွန့်ခွာ ထွက်ပြေးမှုများရှိနေပြီး ဧရာဝတီတိုင်းအတွင်းရှိ ငသိုင်းချောင်း၊ ရွှေသောင်ယံနှင့် ရေကြည်မြို့များသို့ စစ်ဘေးရှောင်နေသည့် ဂွမြို့နယ်ရှိဒေသခံများကို စစ်ကောင်စီက နှင်ထုတ်မှုများပြုလုပ်နေကြောင်း သိရသည်။
#ဂွ #စစ်ကောင်စီ #ထောက်ပို့လမ်းကြောင်း #AA #ဖြတ်တိုက် #မြို့မရဲစခန်း #သိမ်းပိုက် #Ayeyarwaddy_Times