
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ရက်
အာရက္ခတပ်တော် (AA) က အမ်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အတွင်းမှ အလံဖြူထောင်၍ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်သံကို ထုတ်ပြန်ခဲ့သည်။
အမ်း နပခ ဌာနချုပ်အတွင်းမှ အလံဖြူထောင်ကာ ထွက်လာသည့် ထိခိုက်ဒဏ်ရာများဖြင့် ချည့်နဲ့နေသည့် စစ်ကောင်စီတပ်ဖွဲ့များ၏ ရုပ်သံဖိုင်ကို ယမန်နေ့ ဒီဇင်ဘာ ၁၆ရက်နေ့တွင် AA က ထုတ်ပြန်လာခြင်းဖြစ်သည်။
“စောစော အလံဖြူထောင်ရင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့ နှင့် စောစော တွေ့ဆုံရလိမ့်မယ်” ဟုလည်း AA၏ ရုပ်သံမှတ်တမ်းတွင် ဖော်ပြထားသည်။
အမ်း နပခမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြေအောက်ဘန်ကာနှင့် အဆောက်အအုံများတွင် ပိတ်မိနေသလို တာဝန်ရှိသည့် တိုင်းမှူးနှင့် ဒုတိုင်းမှူးမှာ ထွက်ပြေးနေပြီး ယာယီစစ်တိုင်းမှူးမှာလည်း AAဘက်မှ အသေဖမ်းဆီးရမိသွားကြောင်း သိရသည်။
ထို့ပြင် မြေပြင်ထောက်ပို့လမ်းကြောင်းမှာလည်း ပိတ်ဆို့ခံထားရပြီး ယာယီဗျူဟာကုန်းလုပ်၍ခုခံရန်ပြင်ထားသည့် နေရာကို ပို့သည့် စစ်ကူယာဉ်တန်းမှာလည်း AA ၏ ကြားဖြတ်တိုက်ခိုက်မှုကိုခံနေရ၍ ထိခိုက်သေဆုံးမှုများပြားကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းခံရကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk
#အမ်း #နပခ #စစ်ကောင်စီ #အလံဖြူထောင် #AA #Ayeyarwaddy_Times