နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၇ ရက်

စစ်ကောင်စီသည် ကွန်တိန်နာကားများဖြင့် ရေလမ်းကြောင်းမှတစ်ဆင့် တရုတ်ထုတ် K-8W တိုက်လေယာဉ်များကို ဝယ်ယူထားသော်လည်း ယခုနှစ် လေတပ်နှစ်ပတ်လည်နေ့တွင် တစ်စင်းသာ တပ်တော်ဝင်သည်ကို တွေ့ရှိရပြီး စစ်ရေးအတွက် ဖြည့်တင်းဖြန့်ထားကြောင်း လေတပ် CDM အရာရှိများထံက သိရသည်။

မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ် (ရှမ်းတဲ)၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သော (၇၇)နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့တွင် K-8W တိုက်လေယာဉ် တစ်စင်း (လေယာဉ်အမှတ် 3941)အပါအဝင် လေယာဉ်နှင့် ရဟတ်ယာဉ်များ တပ်တော်ဝင်ခဲ့ကြောင်း သိရသည်။

“K-8W လေယာဉ်တွေအနေနဲ့ ဒီထက်မက ရှိနေနိုင်ပါသေးတယ်။ ၂၀၂၂ နှစ်ဝက်ပိုင်းလောက်က လေယာဉ်တွေပါတဲ့ ကွန်တိန်နာကား‌ အစီး ၂၀ ကနေ ၃၀ ကြား ရေလမ်းကြောင်းကနေတစ်ဆင့် မြန်မာပြည်ကို ရောက်ထားတာ ရှိပါတယ်” ဟု လေတပ် CDM ဒုအရာခံဗိုလ်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

အဆိုပါ K-8W တိုက်လေယာဉ်များပါသော ကွန်တိန်နာကား‌များသည် တရုတ်နိုင်ငံမှ ရောက်ရှိလာ ခြင်းဖြစ်ကာ သီလဝါဆိပ်ကမ်းမှ မင်္ဂလာဒုံလေတပ်၊ ထိုမှတစ်ဆင့် လေယာဉ်ထုတ်လုပ်ပြင်ဆင်ရေး ဌာနချုပ် (မိတ္ထီလာ)သို့ ပို့ဆောင်၍ တပ်ဆင်ရေးများ လုပ်ဆောင်နေကြောင်း သိရသည်။

“တရုတ်က လာတယ်လို့ သိရပါတယ်။ သင်္ဘောနဲ့ ရောက်တာဗျ။ ဝယ်ယူရေး ကိစ္စတွေကျတော့ ကျွန်တော်မသိဘူး။ ကျွန်တော်ရှိနေတဲ့အချိန် ကွန်တိန်နာကားတွေ ဝင်လာတာတွေ့လို့ မေးကြည့်ရာ ကနေသိရတာ” ဟု ကိုယ်တွေ့ကြုံခဲ့သူ လုပ်သက် ၁၆ နှစ်ရှိ လေတပ် CDM အရာရှိတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့နောက် တပ်ဆင်ပြီးသော K-8W တိုက်လေယာဉ်များကို လေကြောင်းအတတ်သင် လေတပ်စခန်း ဌာနချုပ် (ရှမ်းတဲ)၊ ပုသိမ်၊ မကွေး၊ တောင်ငူ၊ တံတားဦး စသည့်လေတပ်စခန်း ဌာနချုပ်များသို့ ဖြန့်ကျက်ပို့ထားပြီး တပ်ဆင်ပြီးစီး ခန့်မှန်းအရေ အတွက်မှာ အစင်း ၄၀ မှ ၅၀ ကြား ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်းသို့အများအပြား ဝယ်ယူမှုသည် ယခင်ကမရှိသလို ဂျက်ဖိုက်တာတွင် အမြင့်ဆုံးမှာ ရုရှားနိုင်ငံထုတ် MIG-29 ဘက်စုံသုံး တိုက်လေယာဉ်သာ ပိုင်ဆိုင်ရှိပြီး နည်းပညာ ဈေးကြီးခြင်း၊ ကပစထုတ် လက်နက်များဖြင့် အသုံးပြုရ အဆင်မပြေခြင်းများကြောင့် ဆက်လက်ဝယ်ယူခြင်းမရှိတော့ကြောင်း သိရသည်။

“နောက်ပြီး MIG-29 ကို upgrade(အဆင်မြှင့်)လုပ်ရင် ကုန်ကျစရိတ်များတယ်ဗျ။ အဲ့ဒီတော့ မြန်မာပြည် ရာသီဥတု၊ နယ်မြေနဲ့ ကိုက်ညီနိုင်မယ့် လေယာဉ်မျိုးကိုပဲ ဝယ်တာများတယ်။ ပြီးတော့ ဘောင်ဝင်တန်းဝင် လေယာဉ်တွေကို ဘယ်တော့မှဝယ်ဖို့ စဉ်းစားလေ့မရှိဘူး” ဟု လေတပ် CDM ဒုအရာခံဗိုလ်က ဆိုသည်။

ယခုနှစ်တွင် တပ်တော်ဝင်ခဲ့သည်မှာ K-8W တိုက်လေယာဉ် တစ်စင်း၊ တရုတ်ပညာရှင်များဖြင့် ထုတ်လုပ်ထားသော MTX-1A နှင့် MTX-1B လေယာဉ်၊ FTC-2000G ဘက်စုံသုံးအပေါ့စား တိုက်ခိုက်ရေးလေ ယာဉ် ခြောက်စင်း၊ Mi 17 ရဟတ်ယာဉ် ခြောက်စင်း၊ Y-8 F200WB ထောက်ပို့လေယာဉ် တစ်စင်း တို့ဖြစ်ကြောင်း တွေ့ရှိရသည်။

“သူတို့ ပြထားတာတော့ သုံးစင်းဆီပဲ။ တကယ်တော့ FTC-2000G က ခြောက် စင်း၊ Mi-17 ဆိုလည်း ခြောက်စင်း ၊ Y-8 က တစ်စင်း၊ K-8W ကတော့ simple အနေနဲ့ လုပ်သွားတဲ့ပုံစံ တွေ့ရတယ်” ဟု လေတပ် CDM တပ်ကြပ်ကြီး ဇေယျက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းလေယာဉ်နှင့် ရဟတ်ယာဉ်များကို စစ်တပ် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများကြောင့် ပစ်ချပျက်စီး၊ ဆုံးရှုံးသွားသော လေယာဉ်များအစား ထပ်မံဖြည့်တင်းရန်အတွက် စစ်ကောင်စီက လုပ်ဆောင်နေခြင်း ဖြစ်နိုင်သည်ဟု CDM အရာရှိများက ယူဆသုံးသပ်သည်။

ဓာတ်ပုံ- စစ်ကောင်စီ
#စစ်ကောင်စီ #ကွန်တိန်နာကားများ #တရုတ်ထုတ် #K8Wတိုက်လေယာဉ်များ #ဝယ်ယူ #၁စင်းသာတပ်တော်ဝင် #Ayeyarwaddy_Times